ကရင်နီအလယ်ပိုင်း ဘောလခဲကို စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုး

ကရင်နီအလယ်ပိုင်း ဘောလခဲကို စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုး

ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၂၉ (မော်ကွန်း)

ကရင်နီအလယ်ပိုင်းဒေသ ဘော်လခဲကို စစ်ကော်မရှင်တပ်ဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ စစ်ရေးသတိနဲ့ နေထိုင်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အသိပေးထုတ်ပြန်ပါတယ်။

အာဏာသိမ်းတပ်ဟာ ပြီးခဲ့တဲ့လပိုင်းကစပြီး ဒီးမော့ဆိုမြို့အတွင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး ဒီးမော့ဆို-ဖရူဆို-ဘော်လခဲ လမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း အသိပေးထားပါတယ်။

လက်ရှိမှာတော့ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့တွေမှာ အင်အားအလုံးအရင်းနဲ့ စုဖွဲ့ထားတဲ့ စစ်ကော်မရှင်တပ်ရဲ့ ယာဉ်တန်းဟာ ဖရူဆိုမြို့နယ်က အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှာ ရောက်ရှိနေပြီး အဲဒီကနေ ကရင်နီအလယ်ပိုင်းဒေသ ဘော်လခဲကို ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ KNDF က အသိပေးထားတာပါ။

တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ ကရင်နီဒေသကို လာမယ့်ရွေးကောက်ပွဲမတိုင်မီ ပြန်လည်ထိန်းချုပ်လိုတာကြောင့် စစ်ကော်မရှင်တပ်ဟာ အခုလို စစ်ကြောင်းတွေ ထိုးလာတာလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒီးမော့ဆိုမြို့ကို ဗဟိုပြုပြီး အင်အားစုဆောင်းကာ ကရင်နီတောင်ပိုင်း မိုးဗြဲနဲ့ မြောက်ပိုင်း ဖရူဆိုနဲ့ ဘော်လခဲမြို့တွေကို စစ်ကော်မရှင် စစ်ကြောင်းတွေ ဖြန့်ကျက်လှုပ်ရှားလာတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

“ဒီးမော့ဆိုမှာ ဗဟိုပြုပြီး စစ်ကြောင်းတွေ ပို့နေတာပါ။ ဒီလလယ်လောက်ထဲက မြောက်ပိုင်းတွေကိုပါ ထိုးစစ်ဆင်လာတယ်။ သူတို့စစ်ကြောင်းက ဘောလခဲမြို့အထိ မိန်းလမ်းမကြီးဝဲယာ အတိုင်း နှစ်ကြောင်းခွဲပြီးတက်လာမယ်။ အဲဒီမိန်းလမ်းတစ်လျှောက် ရှင်းလင်းသွားမယ်လို့ ယူဆရတယ်” ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဘော်လခဲမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေကို စစ်ကော်မရှင်တပ်က စိုးမိုးထားသလို ဘော်လခဲအခြေချစစ်ဗျူဟာနဲ့ ခြေမြန်တပ်ရင်းတချို့လည်း ရှိနေတာပါ။

အဓိကလမ်းမကြီးကိုတော့ တော်လှန်ရေးတပ်တွေက စိုးမိုးထားပြီး တိုက်ပွဲတွေကြောင့် ဒီလမ်းပိုင်း ဖြတ်သန်းသွားလာလို့မရတာ တစ်နှစ်ကျော်ကြာရှိနေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဘော်လခဲမြို့ကို လေကြောင်းကနေပဲ သွားလာလို့ရနေတာကြောင့် ဒီလမ်းပိုင်းပိတ်ဆို့ထားတာကို ပြန်ဖွင့်နိုင်ဖို့ အခုလို စစ်ကြောင်းထိုးလာခဲ့တာပါ။

လက်ရှိမှာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့နယ်က ဒေါငံခါးရပ်ကွက်ကိုလည်း စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး ဒေါငံခါးနဲ့ အနီးတဝိုက် ကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဆက်တိုက်ခိုက်နေတယ်လို့ KNDF က အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းဟာ ဖယ်ခုံမြို့နယ်ထဲမှာလည်း ဒေသတွင်း PNO တပ်တွေနဲ့အတူ ပူးပေါင်းပြီး စစ်ကြောင်းတွေ ဖြန့်ကျက်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်လကလည်း ကရင်နီနဲ့ ရှမ်းတောင်အစပ်မှာရှိတဲ့ မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကော်မရှင်စစ်ကြောင်းထိုးခဲ့ပြီး မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပါသေးတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ကရင်နီဒေသက ပြည်နယ်မြို့တော်လွိုင်ကော်အပါအဝင် ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘော်လခဲ၊ မယ်စဲ့နဲ့ ရှားတောမြို့တွေမှာကျင်းပသွားမယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားတာပါ။

ပုံစာ – ကရင်နီ စစ်မျက်နှာပြင်တစ်နေရာ

ဓါတ်ပုံ – KNDF

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."