ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁၁ (မော်ကွန်း)
ပြည်တွင်းအခေါက်ရွှေရဲ့ ဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်က စံချိန်တင်မြင့်တက်ခဲ့တဲ့ ဈေးတန်းကို ပြန်လည်ရောက်ရှိလာပြီး တစ်ကျပ်သားကို ကျပ်သိန်း ၈၀ နီးပါးထိ မြင့်တက်လာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူ တချို့က ပြောပါတယ်။
မနေ့ကစပြီး ရွှေဈေးဟာ တစ်ကျပ်သားကို ၇၉ သိန်းကျော်ကို စတင်ရောက်ရှိခဲ့ပြီး ဒီနေ့မှာလည်း ၇၉ သိန်း ခုနစ်သောင်းဝန်းကျင်ထိကို ဈေးကွက်အတွင်း ဖွင့်လှစ်ထားတာပါ။
ပြီးခဲ့တဲ့ လနောက်ဆုံးပတ်ကစပြီး ပြည်တွင်းအခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၇၅ သိန်းဝန်းကျင်ကနေ တဖြည်းဖြည်းနဲ့ ပြန်လည်မြင့်တက်ပြီး ဒီလဆန်းပိုင်းမှာလည်း ဆက်လက်ပြီးမြင့်တက်လာတာပါ။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးကလည်း စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိနေပြီး ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
အမေရိကန်ဒေါ်လာထက် ပိုပြီးစိတ်ချရတဲ့ ရွှေကို ဝယ်ယူစုဆောင်းသူတွေ များလာတဲ့အတွက် အခုလို ကမ္ဘာ့ရွှေဈေးဟာ မြင့်တက်လာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူ တချို့က သုံးသပ်ပါတယ်.
“ရွှေဈေးက ဒီမှာပဲ တက်နေတာမဟုတ်ဘူး။ ကမ္ဘာ့ရွှေရော၊ ထိုင်းရွှေဈေးရော အကုန်တက်တယ်။ ရွှေကို ရင်းနှီးမြှပ်နှံမှုတွေ ပိုပြီးများလာတယ်။ ကမ္ဘာ့ရွှေဈေးက သမိုင်းတစ်လျှောက်ကို အမြင့်စံချိန်တွေချိုးပြီး ဆက်တိုက်တက်နေတယ်” လို့ ရွှေနဲ့ ငွေကြေးဈေးကွက်ကို လေ့လာသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က တစ်အောင်စကို ဒေါ်လာ ၃,၀၀၀ ကျော်စွန်းစွန်းမှာပဲရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ လက်ရှိမှာ တစ်အောင်စကို ဒေါ်လာ ၃,၆၀၀ ကျော်ထိ ရောက်နေတာပါ။
ဒီနှစ် ဇွန်ပိုင်းကလည်း ပြည်တွင်းရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ကျော်ကို ရောက်ရှိခဲ့ပြီး စစ်တပ်ဘက်က ရွှေဆိုင်တွေကို လိုက်လံဖမ်းဆီးစစ်ဆေးတာ၊ ရွှေအရောင်းအဝယ်ဈေးကွက်တွေကို ပိတ်ပင်ခဲ့တာတွေကြောင့် ရွှေဈေးအနည်းငယ်ပြန်ကျဆင်းခဲ့သွားပါတယ်။
ပြည်တွင်းရွှေဈေးရဲ့ အမှန်တကယ်အရောင်းအဝယ်လုပ်နေတဲ့ ဈေးကွက်ပေါက်ဈေးဟာ တစ်ကျပ်သားကို သိန်း ၈၀ ဝန်းကျင်ရှိလာပေမယ့် စစ်တပ်လက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကတော့ ရည်ညွှန်းရောင်းဈေးကို တစ်ကျပ်သားကို ၅၉ သိန်းဝန်းကျင်ပဲ သတ်မှတ်ထားပြီး ရည်ညွှန်းဈေးနဲ့ ဈေးကွက်ပေါက်ဈေးက သိန်း ၂၀ ကျော်ထိ ကွာဟနေပါတယ်။
ပုံစာ – ရန်ကုန်မြို့လယ်က ရွှေဆိုင်တစ်ခုရဲ့ မြင်ကွင်း
ဓါတ်ပုံ – Mawkun

