ရန်ကုန် – ၂၀၂၅ ဩဂုတ် ၂၇ (မော်ကွန်း)
နေပြည်တော်ကောင်စီနယ်မြေက ပျဉ်းမနားနဲ့ တပ်ကုန်းမြို့နယ်တွေမှာ မနေ့ကညပိုင်းမှာ ဆက်တိုက်ရွာနေတဲ့မိုးကြောင့် တောင်ကျချောင်းရေလျှံကာ ကျေးရွာတချို့ ရေလွှမ်းမိုးနေပြီး ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
နေပြည်တော်၊ ပျဉ်းမနားနဲ့ တပ်ကုန်းမြို့နယ်တွေထဲ ဖြတ်သန်းစီးဆင်းသွားတဲ့ ဆင်သေချောင်းနဲ့ နဝင်းချောင်းတို့ ချောင်းရေမြင့်တက်ခဲ့ပြီး ၎င်းချောင်းနံဘေးက အနိမ့်ပိုင်းကျေးရွာတချို့ ကို ရေဝင်ရောက်လာတာပါ။
တပ်ကုန်းမြို့နယ်က ညောင်ပင်သာ၊ ဗျိုင်းအင်း၊ မန်ကျည်းပင်ရွာတွေနဲ့ တပ်ကုန်းမြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေအထိ ရေကြီးခဲ့ပြီး ဒေသခံ ၃၀၀ ကျော်ကို နေရာရွှေ့ပြောင်းထားရတယ်လို့ တပ်ကုန်းမြို့နယ်က ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတချို့က ပြောပါတယ်။
“ညကတည်းက ရွာတာ မိုးကတော်တော်များတယ်။ တစ်ညလုံးကို သည်းတာ။ မနက်မိုးလင်းတော့ ရေစဝင်လာပြီ။ ညနေပိုင်းမှာတော့ နည်းနည်းပြန်ကျနေပါပြီ” လို့ တပ်ကုန်းမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပျဉ်းမနားမြို့နယ်အရှေ့ခြမ်းကရွာတချို့ကိုလည်း ရေဝင်ရောက်ခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဒေသခံတချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
“လက်ရှိတော့ ချောင်းရေက ဆက်တိုးနေသေးတယ်။ မနက်တည်းက ပျဉ်းမနား၊ ညောင်ပင်သာနဲ့ သာယာကုန်းတံတားက ရေဆက်တိုးလာတယ်၊ ကားလမ်းမပေါ်ထိ ရေကျော်နေပြီ။ အဲဒီနားက သနပ်ပင်ရွာတို့ အနိမ့်ပိုင်းရွာလေးတွေရှိတယ်။ သူတို့ကိုတော့ ဘေးလွတ်ရာရွှေ့ထားပြီးပါပြီ” လို့ ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် နေပြည်တော်ကောင်စီနယ်မြေက ရန်ကုန်-မန္တလေးလမ်းဟောင်းနေရာတချို့မှာ ဒီနေ့မနက်ပိုင်းကစပြီး ရေကျော်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီရက်ပိုင်း တောင်တရုတ်ပင်လယ်ပြင်ထဲမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုးကြီးနိုင်ပြီး ရုတ်တရတ် မြေပြိုတာ၊ ရေကြီးတာတွေဖြစ်လာနိုင်တဲ့အတွက် အနိမ့်ဒေသတွေနဲ့ မြစ်ချောင်းဘေးတွေမှာ နေထိုင်သူတွေ သတိပြုဖို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ပုံစာ – ရန်ကုန် – မန္တလေးလမ်းဟောင်း ရေကျော်နေတဲ့မြင်ကွင်း
ဓါတ်ပုံ – Khant Phyo Hein

