ရန်ကုန် – ၂၀၂၅ ဩဂုတ် ၂၆ (မော်ကွန်း)
ပြီးခဲ့တဲ့တစ်ပတ်က ကျဆင်းခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာပြီး ဒီနေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၇၆ သိန်းကျော်ကို ပြန်ရောက်လာတယ်လို့ ဈေးကွက်စောင့်ကြည့်သူတချို့က ပြောပါတယ်။
ဒီလဆန်းပိုင်းမှာ တစ်ကျပ်သားကို ၇၈ သိန်းဝန်းကျင်မှာငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ တစ်ကျပ်သား ၇၃ သိန်းဝန်းကျင်ထိ ပြန်လည်ပြုတ်ကျခဲ့တာပါ။
မနေ့က ရုံးဖွင့်ရက် ဈေးကွက်ပြန်အဖွင့်မှာတော့ တစ်ကျပ်သားကို ၇၅ သိန်းကျော်နဲ့ စတင်ဖွင့်လှစ်ခဲ့သလို ဒီနေ့ညနေပိုင်း ဈေးကွက်အပိတ်မှာလည်း တစ်ကျပ်သားကို ၇၆ သိန်းကျော်ထိ ဆက်လက်မြင့်တက်လာတာပါ။
ဒီရက်ပိုင်းမှာ ပြည်တွင်းရွှေဈေးကွက် အတက်အကျကြမ်းနေပြီး ဈေးကွက်မတည်ငြိမ်သေးတာ ကြောင့် အရောင်းအဝယ်တွေ ဂရုစိုက်ဖို့ ရွှေဈေးကွက်စောင့်ကြည့်သူတချို့ကလည်း သတိပေးပါတယ်။
“ကမ္ဘာ့ရွှေဈေးပြန်ထိုးတက်သွားတာလည်းပါတယ်။ ပြည်တွင်းရွှေက ကျလည်းခဏပဲ။ ရွှေဈေးကျတာ မြန်မာကျပ်ငွေမာလာလို့ ကျတာမဟုတ်ဘူး။ ပြည်တွင်းက ဒေါ်လာမရှိလို့ သွင်းကုန်ပိတ်ထားတော့ ခဏအကျပြသွားတဲ့သဘောပဲထင်တယ်။ အခုက ပြန်တက်မယ့်အရိပ်အယောင်ပြနေတယ်” လို့ ဈေးကွက်လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
ပြည်တွင်းရွှေဈေးဟာ ဒီနှစ် ဇွန်လပိုင်းမှာ တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ထိ မြင့်တက်ခဲ့ပြီး မိုးတွင်းကာလမှာ အနည်းငယ်ကျဆင်းလာခဲ့တာပါ။
ဒီနှစ်သင်္ကြန်ကာလ ပိတ်ရက်မတိုင်မီကာလထိ ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သား ကျပ်သိန်း ၇၀ ဝန်းကျင်မှာပဲရှိရာက သင်္ကြန်ကာလနှောင်းပိုင်းမှာ ဆက်တိုက်မြင့်တက်ပြီး တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ထိပြန်လည် ရောက်ရှိခဲ့တာပါ။
လက်ရှိမှာ ပြင်ပဈေးကွက်မှာ အမှတ်တကယ်အရောင်းအဝယ်လုပ်နေတဲ့ဈေးက ၁၆ ပဲရည် တစ်ကျပ်သားကို ၇၆ သိန်းကျော် ပေါက်ဈေးဖြစ်နေပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) ရဲ့ သတ်မှတ်ဈေးကတော့ တစ်ကျပ်သားကို ၅၉ သိန်းကျော်မှာပဲ သတ်မှတ်ထားပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်ကာလမှာ ရွှေဈေးမြင့်တက်ခဲ့စဉ်ကတော့ စစ်ကော်မရှင်ဟာ ဈေးကွက်မှာ ရွှေဆိုင်တွေကို စစ်ဆေးတာ အွန်လိုင်းကနေ အရောင်းအဝယ်ပြုလုပ်သူတွေကို ဖမ်းဆီးတာတွေရှိခဲ့ပြီး ဈေးကွက်လည်း ယာယီပိတ်ခဲ့ရပါတယ်။
ပုံစာ – အခေါက်ရွှေတုံးတချို့
ဓါတ်ပုံ – မော်ကွန်း

