ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁၂ (မော်ကွန်း)
မြင်းခြံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် စိုးမိုးနယ်မြေတချို့ လက်လွှတ်ပေးခဲ့ရတယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်တွေက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဒေသတွင်း ပျူစောထီးခေါင်းဆောင်သီတာယုမွန်ရဲ့ တပ်တွေနဲ့အတူ မြင်းခြံ-နွားထိုးကြီး ကားလမ်းက ဒေသတွင်းကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ ရွာတွေကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။
ဒီစစ်ကောင်စီစစ်ကြောင်းမှာ အင်အားတစ်ထောင်ကျော်ပါဝင်ပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပေါင်း ၁၁ ရက်ကြာဖြစ်ပွားပြီးနောက်မှာတော့ နယ်မြေတချို့ကို တော်လှန်ရေးတပ်က လက်လွှတ်ပေးလိုက်ရတာပါ။
တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ခဲယမ်းပြတ်တောက်မှုတွေကြောင့် တပ်စခန်းတချို့ကို စွန့်လွှတ်လိုက်ရတာလို့ ဒေသကာကွယ်ရေးတပ် Myingyan Black Tiger (MBT) က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ မြင်းခြံ-နွားထိုးကြီး ကားလမ်းပိုင်းက မြောက်ကုန်း၊ ခင်မကန်၊ စံပြနဲ့ သမုန်းကိုင်း ရွာတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်တာ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်ခဲ့ပြီး ကျေးရွာတချို့မီးရှို့ခံရတာအပြင် ဒေသခံတွေလည်း စစ်ဘေးရှောင်နေကြရပါတယ်။
တိုက်ပွဲကာလအတွင်း တော်လှန်ရေးတပ်တွေဘက်က ရဲဘော်ငါးဦးကျဆုံးပြီး စစ်ကောင်စီတပ်ဘက်က ၇၀ ကျော်သေဆုံးကာ ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရသွားတယ်လို့ Myingyan Black Tiger (MBT) ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
စစ်ကောင်စီလော်ဘီချယ်နယ်တချို့ကတော့ ဒီတိုက်ပွဲမှာ မြင်းခြံ-နွားထိုးကြီးကားလမ်းပိုင်းက ကျေးရွာပေါင်း ၁၂ ရွာထိ စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက မြင်းခြံခရိုင် တော်လှန်ရေးတပ်တွေဟာ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေထဲက စစ်အုပ်စုရဲ့ အထိုင်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဒေသတွင်းမှာ နယ်မြေစိုးမိုးထားတာပါ။
ပုံစာ – မြင်းခြံခရိုင်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – Myingyan Black Tiger

