ရန်ကုန်-၂၀၂၅ ဇူလိုင် ၃၀ (မော်ကွန်း)
ရှမ်းပြည်မြောက်ပိုင်းက ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဒီမနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သား ခြောက်ဦးသေပြီး ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA) က ထုတ်ပြန်ပါတယ်။
ဒီမနေ့မနက် ၁ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၂)က ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားလေးဦးသေဆုံးခဲ့ရသလို ခုနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြ ပါတယ်။
စစ်ကောင်စီက TNLA ထိန်းချုပ်မြို့တွေကို ဆက်တိုက်ဗုံးကြဲနေတာကြောင့် ဒီလအတွင်း အရပ်သားသေဆုံးမှု မြင့်တက်နေပြီး မနေ့တုန်းကလည်း မိုးကုတ်မြို့ပေါ်ကို ဗုံးကြဲတာကြောင့် ရှစ်ဦးသေကာ ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ဒါအပြင် သူတို့ထိန်းချုပ်တဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက လက်ပန်လှနဲ့ ရွှေပန်းတောရွာတွေကို မနေ့တုန်းက စစ်ကောင်စီ ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် လူ ၂၀ ကျော်သေကာ ၃၀ ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး ကလည်း ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
TNLA ဗဟိုကော်မတီကတော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် ကန့်ကွက်တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံးရပ်တန့်ပစ်နိုင်ဖို့ တရုတ်နိုင်ငံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံတယ်လို့လည်း ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပုံစာ- ကွတ်ခိုင်မြို့ပေါ်က လေကြောင်းဗုံးကြဲခံရတဲ့ ရာစုသစ်ဟိုတယ်။
ဓါတ်ပုံ- TNLA

