ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁ (မော်ကွန်း)
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ ဒီမနက်ပိုင်းမှာ ဆက်လက်မြင့်တက်ခဲ့တာကြောင့် ဒေသခံတချို့ကို မြို့ခံကူညီကယ်ဆယ်ရေး အဖွဲ့တွေက ထပ်မံရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ၎င်းကယ်ဆယ်ရေးအဖွဲ့တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ထဲက စတင်မြင့်တက်ခဲ့တဲ့ သံလွင်မြစ်ရေဟာ ဒီနေ့ထိ ဆက်လက်မြင့်တက်လာတာကြောင့် ဘားအံမြို့ပေါ်က ယခင် ရေမဝင်ရောက်သေးတဲ့ ရပ်ကွက်တချို့လည်း ရေဝင်ရောက်လာပြီး တစ်မြို့လုံးနီးပါး ရေကြီးနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
“ပြီးခဲ့တဲ့ရက်တည်းက ရွှေ့ပြောင်းထားတာအများကြီးရှိတယ်ပေါ့။ ဒီမနက်တော့ နည်းနည်းထပ်ပြီး ရွှေ့ပြောင်းပေးရတယ်။ အားလုံးကတော့ ကယ်ဆယ်ရေးစခန်းတွေက မပြန်ရသေးဘူးပေါ့” လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မာဃလူမှုကယ်ဆယ်ရေးအသင်းက စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဘားအံမြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းပေါင်း ၂၄ ခုထိ ဖွင့်လှစ်ထားရပြီး လူပေါင်း တစ်သောင်းလေးထောင်ကျော်ကို လက်ခံထားရတာပါ။
ဒီရက်ပိုင်းမှာ မိုးမရွာတော့ပေမယ့် သံလွင်မြစ်အထက်ပိုင်းက ပြန်ဆင်းလာတဲ့ ရေကြောင့် မြစ်ရေပြန်မကျသေးပဲ အနည်းငယ် ဆက်လက်မြင့်တက်နေတာလို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
“အရင်နှစ်ကတော့ ၉၆၀ (စင်တီမီတာ) ကျော်ထိတော့ စံချိန်တင်ထားတာ။ အခုဒီမနက်ကတော့ ၉၃၃၊ ၉၄၀ လောက်ပေါ့ တက်လိုက်ကျလိုက်နဲ့ပေါ့။ ကျွန်တော်တို့ကတော့ ဘယ်လောက်ဆက်တက်မလဲ စောင့်ကြည့်နေပြီး တက်လာရင် အရေးပေါ်ဘယ်လိုလုပ်မလဲပဲ ပြင်ဆင်ထားရတာပေါ့” လို့ ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်-ဘားအံ-မော်လမြိုင် ကားလမ်းပေါ်မှာလည်း သံလွင်မြစ်နဲ့နီးတဲ့ ကားလမ်းနေရာတချို့ ရေကျော်နေတာကြောင့် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကိုလည်း ရပ်နားထားရတာပါ။
အိမ်စီးကားတွေနဲ့ ဘားအံလာရောက်မယ့်သူတွေအနေနဲ့လည်း လမ်းခရီးကို ကြိုတင်စုံစမ်းပြီး လာရောက်ဖို့နဲ့ ရန်ကုန်နဲ့ မော်လမြိုင်ကို သွားမယ်ဆိုရင်တော့ ဘားအံ-အိန္ဒု-ဇာသပြင်လမ်းကနေ ပတ်ပြီးသွားဖို့ ဒေသခံယာဉ်မောင်းတချို့က လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။
ဒီနေ့မနက် တိုင်းထွာချက်အရတော့ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၎င်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ခြောက်ပေကျော်ကို ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မထိ ဆက်လက်မြင့်တက်နိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားပါတယ်။
လက်ရှိမှာ သံလွင်၊ စစ်တောင်း၊ ရွှေကျင်၊ ဘီးလင်းနဲ့ သောင်ရင်းမြစ်တွေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်နေကာ ဒေသတချို့ ရေကြီးနေပြီး ဒီရက်ပိုင်းမှာ မိုးပြန်ပါးသွားတာကြောင့် မြစ်တချို့ကတော့ ရေပြန်လည်ကျဆင်းနေပြီလို့လည်း မိုးဇလက အသိပေးထားတာပါ။

ပုံစာ – ဘားအံမြို့က ရေဘေးသင့် ဒေသခံတချို့
ဓါတ်ပုံ – Marga Rescue Team

