မိုးကုတ် – ၂၀၂၅ ဩဂုတ် ၂ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဂေါင်းဦးဘာရပ်ကွက်နဲ့ အောင်သုခရပ်ကွက်အနီးကို စစ်ကောင်စီတပ်က ဒီနေ့မနက် ၈း၃၀ မိနစ်အချိန်မှာ ပေါင် ၂၅၀ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတစ်ပါးအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျပ်ပြင်ရပ်ကွက်နေထိုင်သူတွေကပြောပါတယ်။
မြို့ကို အုပ်ချုပ်နေတဲ့ တအောင်းတပ်ဖွဲ့(TNLA)ကတော့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂ ဦး သေ ဆုံးပြီး ၁၄ဦးထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဗုံးကျရောက်ပေါက်ကွဲတာကြောင့် သံဃာတော် တစ်ပါး ၊ ကလေးတစ်ဦး၊ အမျိုးသား ၁၀ ဦးသေဆုံးခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။
“ ဗုံးနှစ်လုံးကြဲတာ၊ဗုံးက လမ်းမပေါ်ကျတယ်၊ လမ်းတစ်ဘက်က ဂေါင်းဦးဘာရပ်ကွက်၊ တစ်ဘက်က အောင်သုခရပ်ကွက်၊ ရွှေမောင်းအရက်ဆိုင်ဘက်ကတော့ ထိခိုက်မှုများတယ်။ အဲဒီနားက ထော်လာဂျီဂိတ်လည်းရှိတယ်၊ မနက် ၈း၃၀ လောက်ဆိုတော့ လမ်းသွားလမ်းလာတွေရော ထိကုန်တာ” လို့ ကျပ်ပြင်ရပ်ကွက်နေထိုင်သူအမျိုးသမီးတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံးကြဲချတာကြောင့် လမ်းသွားလမ်းလာလူအများနဲ့နေအိမ်အတွင်းလူတွေထိခိုက်သေဆုံးခဲ့ပြီး နေအိမ်၁၀လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
“ အဲ့နားက ပြည်သူတွေပဲနေတာ၊ လမ်းသွားလမ်းလာကလည်းပြည်သူတွေပဲ၊ လူနေရပ်ကွက်ကိုကြဲခံရတာပါ” လို့ မိုးကုတ်မြို့အနောက်ပိုင်းနေထိုင်သူတစ်ဦးကပြောပါတယ်။
TNLA သိမ်းယူထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဇူလိုင် ၈ရက်နေ့ကစတင်ပြီး လူနေရပ်ကွက်တွေကို ဗုံးကြဲခဲ့တာဖြစ်ပြီး ဇူလိုင်လအတွင်း ဂေါင်းဦးဘာရပ်ကွက်၊ ရွှေလိပ်ပြာဟိုတယ်၊မင်းတံတား၊ရွှေဘုံသာနဲ့အရှေ့ရွာရပ်ကွက်တွေကိုလေကြောင်းဗုံးကြဲခဲ့ပါတယ်။
ပုံစာ – ဒီနေ့ (၂.၈.၂၀၂၅)မိုးကုတ်မြို့ ဗုံးကြဲခံရမှုမြင်ကွင်း။
ဓါတ်ပုံ – Mai Ann la Ngean

