ရန်ကုန်- ၂၀၂၅ ဇူလိုင် ၂၄ (မော်ကွန်း)
မန္တလေး-မိုးကုတ် ကားလမ်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်းတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းပိုက်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) ကို စစ်ကောင်စီဘက်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမယ့် သူတို့ ထိန်းချုပ်ထားနိုင်ဆဲပဲလို့ ဒီညနေပိုင်းမှာ MDY-PDF က ထုတ်ပြန်ပါတယ်။
ဒီလ ၂၀ ရက်နေ့က မြန်မာပြည်ရဲ့ဒုတိယအကြီးဆုံးမြို့တော် မန္တလေးနဲ့ကပ်လျက်က မြို့နယ်တွေဖြစ်တဲ့က မတ္တရာမြို့နယ် ထန်းပင်ကုန်း၊ ပုသိမ်ကြီးမြို့နယ်က သရက်ကိုင်းနဲ့ မြကန်သာရွာတွေမှာအခြေစိုက်တဲ့ စစ်ကောင်စီစခန်းတွေကို MDY-PDF နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ပြီးထိန်းချုပ်ခဲ့တာပါ။
အဲဒီကတည်းကစပြီး အဲဒီစခန်းတွေကို စစ်ကောင်စီဘက်ကဒီနေ့အထိ လေကြောင်းပစ်ကူတွေ လှိုင်လှိုင်သုံးပြီး တုန့်ပြန်ခဲ့ပေမယ့် MDY-PDF အနေနဲ့ ကြံ့ကြံ့ခံ ထိန်းထားနိုင်ဆဲဖြစ်ပြီး စစ်ကောင်စီ ဒု-ဗျူဟာမှူးတစ်ဦးရဲ့ အလောင်းကိုပါ သိမ်းဆည်းထားနိုင်တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။
ဒီကာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းအများအပြားနဲ့ အလောင်းအများအပြားအပါအဝင် သုံ့ပန်းတွေပါဖမ်းမိထားတယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ မိုးကာလ ဧရာဝတီမြစ်ရေများနေချိန်မှာ တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရတဲ့ မြန်မာပြည်အထက်ပိုင်းက သူ့စခန်းတွေထံကို ရေကြောင်းကတစ်ဆင့် လက်နက်၊ လူ၊ ရိက္ခာဖြည့်တင်းဖို့ ကြိုးပမ်းနေပြီး ဒါကို သူတို့ ထိန်းချုပ်ထားတဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေမှာ MDY-PDF က ကြားဖြတ်တိုက်ခိုက်နေတာကို ခံနေရပါတယ်။
သူတို့ တိုက်လို့ စစ်ကောင်စီထောက်ပံ့ရေးယာဉ်နဲ့ တိုက်သင်္ဘောတွေအပါအဝင် မြစ်ကြောင်းအတွင်း ဆန်တက်လာတဲ့သင်္ဘောတချို့ နစ်မြုပ်၊ မီးလောင်တာတွေ ဖြစ်ခဲ့တယ်လို့ ပုံနဲ့တကွ MDY-PDF က ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဒီလ ၂၂ ရက်မှာတော့ သူတို့ တစ်နှစ်နီးပါး ထိန်းချုပ်ထားတဲ့ ဧရာဝတီမြစ်ရဲ့ တတိယမြစ်ကျဉ်းရှိရာ သပိတ်ကျဉ်းမြို့ပေါ် ကို စစ်ကောင်စီတပ်တွေက ပြန်လည် ဝင်ရောက်စိုးမိုးခဲ့ပြီး MDY-PDF တပ်တွေကတော့ ကျေးလက်ဘက်ကို ဆုတ်ပေးခဲ့ရ ပါတယ်။

ပုံစာ- ဒီရက်ပိုင်း ပုသိမ်ကြီး၊ မတ္တရာတိုက်ပွဲတွေအတွင်း စစ်ကောင်စီထံက သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ ဒုဗျူဟာမှူးဟု ယူဆရသူ အရာရှိတစ်ဦးရဲ့ မှတ်ပုံတင်
ဓါတ်ပုံ- MDY-PDF

