ဝက်လက် – ၂၀၂၁ အောက်တိုဘာ ၂၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးပြီး အရက်ဘီယာဖာတွေ ယူဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက် ၄ :၂၀ ဝန်းကျင်က ဝက်လက်မြို့ကနေ ဝက်လက်-ရှိမ်းမကားလမ်းအတိုင်း ထွက်ခွာလာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ အင်ကြင်းပင်ကျေးရွာအနီးမှာ မိုင်းဖောက်ခွဲခံခဲ့ရပါတယ်။
အဲဒီနောက် အချိန်အနည်းငယ်အကြာ ဆက်လက်မောင်းထွက်လာပြီး ရုံးပင်ကုန်းကျေးရွာကိုဝင်ရောက်ကာ ကျေးရွာရှိ နေအိမ် ဆယ်လုံးခန့်အားဝင်ရောက်ရှာဖွေမွှေနှောက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
နေအိမ်ထဲကပရိဘောဂ၊ အဝတ်အစား၊ TV တွေ၊ ဆန်တွေဆီတွေအပါအဝင် တန်ဖိုးရှိတာတွေကို ရိုက်ချိုး သွန်မှောက်ဖျက်ဆီးခဲ့ပြီး စျေးဆိုင်တွေက ဘီယာ၊အရက်ဖာတွေကိုတော့ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရုံးပင်ကုန်းကျေးရွာခံ ပြည်သူနှစ်ဦးကိုလည်း လက်ပြန်ကြိုးတုတ်ပြီး နှိပ်စက်မေးမြန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရုံးပင်ကုန်းရွာတင်မကဘူး ရှိမ်းမကားလမ်းပေါ်ကပဲ ဖိုဝင်းတပ်လဲမွှေတယ်။ ရွာသားတစ်ယောက်ရဲ့ဖုန်းလဲယူသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လုယူသွားတဲ့ ဘီယာအရက်တွေကို ရှိမ်းမကားလမ်းဆုံမှာပဲ စုဝေးသောက်ခဲ့ကြပြီး လမ်းသွားလမ်းလာတွေကို ရိုက်နှက်ဖမ်းဆီးတာတွေပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဝက်လက်နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ စစ်ကောင်စီသတင်းပေးတွေကိုရှင်းလင်းနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှုးအများအပြားလည်း နုတ်ထွက်နေကြကြောင်း ဒေသခံတွေက ပြောပါတယ်။
ဝင်ရောက်ရှာဖွေဖျက်ဆီးခံရတဲ့ ရုံးပင်ကုန်းကျေးရွာကနေအိမ်အချို့
ဓါတ်ပုံ-ဝက်လက်သတင်းမှန်ပြန်ကြားရေး
#Dailynews

