ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၁ (မော်ကွန်း)
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဒီနေ့မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုမြောက် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပါတယ်။
ဒီနေ့မနက်အစောပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ မန္တလေး-ရွှေဘိုကားလမ်း၊ ချိုင်းကြီးရွာကနေ ကားလမ်းအနောက်ဘက်ကို ခွဲထွက်သွားတဲ့လမ်းပိုင်းပေါ်မှာရှိတဲ့ လင်းတလူးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးတွေအပါအဝင် အရပ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မီဒီယာဖြစ်တဲ့ PVTV က ဖော်ပြပါတယ်။
“ လောလောဆယ် စစ်ဘေးရှောင်ကလေး၊ လူကြီးစုစုပေါင်း ၃၀ ခန့်သေဆုံး။ နောက်ထပ်သေဆုံးများ ရှိနိုင်သလို ဒဏ်ရာရလည်းများပြားနိုင်” လို့ NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရဦးနေဘုန်းလတ်က သူ့လူမှုကွန်ယက်မှာရေးပေမယ့် တရားဝင်ထုတ်ပြန်မှုမတွေ့ရသေးပါဘူး။
ဒေသတွင်းမီဒီယာတချို့ကတော့ ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ ဝန်းကျင်သေပြီး ၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြကြပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းရဲ့ အမိုးပွင့်ထွက်သွားပြီး သေဆုံးနေသူတွေရဲ့ အလောင်းတွေကို တန်းစီထားတဲ့ဓါတ်ပုံတွေကလည်း လူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။
အရပ်သား ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သေစေတဲ့ တိုက်ခိုက်မှုတွေကို စစ်ကောင်စီက ဒီမတိုင်မီ နိုင်ငံတစ်ဝန်းမှာ အကြိမ် ၈၀ ထက်မနည်း ပြုလုပ်ထားပြီးဖြစ်တယ်လို့ ပဋိပက္ခစောင့်ကြည့်တဲ့ ISP-Myanmar အဖွဲ့ရဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
အများစုကို စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ခိုက်ကျူးလွန်ခဲ့တာဖြစ်ပြီး အဲဒီအကြိမ် ၈၀ လောက်အတွင်း အရပ်သား ၁,၆၀၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။
နောက်ဆုံးအစုအပြုံလိုက်သတ်ဖြတ်ထားတာက ဒီနှစ် မေ ၁၂ မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းစာသင်ကျောင်းတိုက်ခိုက်မှုနဲ့ ၁၃ ရက်မှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာ တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

ပုံစာ – လေကြောင်းတိုက်ခိုက်ခံရတဲ့ အပျက်အစီးတချို့
ဓါတ်ပုံ – Nay P Latt

