ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၀ (မော်ကွန်း)
နောင်ချိုမြို့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေး၊ ပြင်ဦးလွင်တို့ကို ဆက်သွယ်ထားတဲ့ကားလမ်းတွေ ပိတ်ထားတယ်လို့ ၎င်းလမ်းကြောင်းမှာ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတချို့ ဆီက သိရပါတယ်။
ရှမ်းမြောက်က ကျောက်မဲ၊ သီပေါနဲ့ လားရှိုးမြို့တွေကို ဖြတ်သန်းသွားလာရာမှာ လက်ရှိအသုံးပြုနေရတဲ့ နောင်ချိုမြို့အနီးက နောင်ချို-ဂုတ်တွင်း ကားလမ်းကို ဒီနေ့ကစပြီး TNLA ဘက်က အတက်အဆင်းတွေ အကုန်ပိတ်လိုက်တယ် မန္တလေး-လားရှိုး ခရီးသည်တင်ကား ပြေးဆွဲသူတစ်ဦးက ပြောပါတယ်။
၎င်းလမ်းပိုင်းတွေ ပိတ်လိုက်တဲ့အတွက် ရှမ်းမြောက်ကိုတက်မယ့် ခရီးတင်ကားတွေနဲ့ အိမ်စီးကားတွေ ဟာ မန္တလေးနဲ့ ပြင်ဦးလွင်ဘက်ကို ပြန်လှည့်လာကြရတယ်လို့ ခရီးသည်တင်ကား ပြေးဆွဲသူက ပြောပါတယ်။
“ကားတွေအကုန်လုံး နောက်ပြန်လှည့်ရပါတယ်။ အတက်ကောအဆင်းကော ဘယ်ကားမှ ဖြတ်သန်းခွင့်မပေးတော့ဘူး။ ကျွန်တော့်ကားလည်း မန္တလေးကို ပြန်ဆင်းရတယ်” လို့ ၎င်းက ပြောပါတယ်။
လက်ရှိမှာတော့ ရှမ်းမြောက်ကို အရေးပေါ် သွားလာလိုရင်တော့ တောင်ကြီးကနေ ပြန်တက်မယ့် ကားလမ်းတစ်ခုပဲကျန်တော့ပြီး ကားခတွေလည်း နှစ်ဆကျော်မြင့်တက်သွားမှာဖြစ်တယ်လို့လည်း ခရီးသည်တင်ယာဉ် ပြေးဆွဲသူတချို့က လူမှုကွန်ရက်မှာ ဖော်ပြနေကြပါတယ်။
“လားရှိုးတက်မယ့်ခရီးသည်တွေညှိနှိုင်းပြီး တောင်ကြီးဘက်က ပတ်သွားရပါတော့မယ်။ ကားခဈေးတွေလည်း တက်မယ်ဆိုတာ ကြိုအသိပေးလိုပါတယ်” လို့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တွေကို ပို့ဆောင်နေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတစ်ခုက အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြားမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နောင်ချိုမြို့အစပ်ထိ တိုက်ပွဲတွေ ဖြစ်လာပါတယ်။
လက်ရှိမှာလည်း နောင်ချိုမြို့နယ်က ကျောက်ကြမ်း၊ နောင်လင်၊ ကျောက်တော၊ အုမ္မခါး၊ နားမုံနဲ့ ရေမောင်းတန်းကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ဒီနေ့မှာထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲတွေကြောင့် နောင်ချိုမြို့ပေါ်က ဒေသခံမြို့လုံးကျွတ်နီးပါးနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေက ဒေသခံတွေ ထောင်နဲ့ချီပြီးတော့ တိုက်ပွဲလွတ်ရာရွာတွေဆီကို စစ်ဘေးရှောင်နေကြရပါတယ်။
ရှမ်းမြောက်နဲ့ မန္တလေးတိုင်းရဲ့ ဝင်ပေါက်ဖြစ်တဲ့ နောင်ချိုကို ပြီးခဲ့တဲ့တစ်နှစ်ကျော်က TNLA ဆီ လက်လွှတ်ခဲ့ရပြီး ဒီနှစ်လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ နောင်ချိုကိုပြန်ရဖို့ ထိုးစစ်ဆင်လာခဲ့တာပါ။
ပုံစာ – မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးတစ်နေရာ
ဓါတ်ပုံ – စစ်ကောင်စီပြန်ကြားရေး

