အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၁ (မော်ကွန်း)
ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ကိုယ်စားလှယ်အမည်စာရင်းအား တစ်ပတ်အတွင်း ကြေညာပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ ပြီးခဲ့တဲ့ရွေးကောက်ပွဲ(၂၀၁၅) က ၁၀ ရက်ကြာပါတယ်။ ကျွန်တော်တို့က အခု ငါးရက်၊ အများဆုံးခုနစ်ရက် ဒါနဲ့ပဲ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
လက်ရှိတွင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အမည်စာရင်း ၃၀ ရာခိုင်နှုန်း၊ ၃၃၈ ဦး ကြေညာပြီးပြီဟု ၎င်းက ပြောသည်။ အများဆုံးအနိုင်ရသည့် ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဖြစ်သည်ဟု ၎င်းကပြောသည်။
လွှတ်တော်အသီးသီးအတွက် အနိုင်ရကိုယ်စားလှယ် ၁,၁၁၇ ဦးအား ကြေညာပေးရမည်ဖြစ်သော်လည်း ယမန်နေ့ ညနေအထိ ၉၆ ဦးကိုသာ ကြေညာပေးနိုင်သည်ကို တွေ့ရသည်။
ယခုရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၇ သန်းခန့်ရှိပြီး မဲပေးခွင့်ရှိသူ၏ ၇၀ ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခန့်မှန်းထားသည်။
ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဗိုလ်ချုပ်ဈေးသစ်ရှိ မဲရုံအမှတ် (၁) ရွေးကောက်ပွဲနေ့ မြင်ကွင်း။
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews

