ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၀ (မော်ကွန်း)
စစ်ကောင်စီတပ်ဟာ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးလာတဲ့အတွက် အဲဒီ့ဒေသက စစ်ဘေးရှောင်စခန်းတွေ ထပ်မံပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ၎င်းစစ်ရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။
ဒီလ ၁ ရက်မှာ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားခဲ့တဲ့ ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်က မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ ပြန်သိမ်းယူနိုင်ခဲ့ပါတယ်။
မိုးဗြဲကို သိမ်းပြီးနောက်မှာတော့ စစ်ကောင်စီတပ်ဟာ အင်အားထောင်ချီအသုံးပြုပြီး ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ကရင်နီတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
ဒါ့အပြင် ၎င်းဖယ်ခုံအင်းအရှေ့ဘက်ကရွာတွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကလည်း ထပ်မံပြီး စစ်ဘေးရှောင်ကြမယ့် အခြေအနေတွေ ဖြစ်လာတာပါ။
လက်ရှိမှာတော့ စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကယ်ထုတ်ပေးနေပြီး ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေလည်း အများအပြားကျန်နေသေးတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်တွေကို ကူညီကယ်ထုတ်ဖို့ စက်သုံးဆီလိုအပ်ချက်လည်း ရှိနေတယ်လို့ ၎င်းက ပြောပါတယ်။
“ကျွန်တော်တို့က ကားတွေနဲ့ တစ်သုတ်ပြီးတစ်သုတ် သွားကြိုပေးနေတဲ့အဖွဲ့တွေရှိတယ်။ အဓိကတော့ဗျာ အဲဒီကားတွေအတွက် စက်သုံးဆီကအဓိကလိုတယ်။ ဒီမှာက ဓါတ်ဆီတစ်ဂါလံ (ကျပ်) သုံးသောင်းပေးဝယ်ရတယ်။ ဆီမရှိရင်တော့ ရပ်ထားလိုက်ရမယ့်အခြေအနေဖြစ်နေတယ်” လို့ ဒေသခံ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ပအိုဝ်းပြည်သူ့စစ် (PNO) တပ်တွေပါဝင်ပြီး အင်အားထောင်ချီတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကရွာတွေကို မိုးဗြဲဆည်အရှေ့ခြမ်းကနေ စစ်ကြောင်းထိုးလာနေတယ်လို့ ၎င်းဒေသခံတချို့ကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးလာတဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့အခြေအနေကြောင့် ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေရဲ့ အသိပေးချက်တွေကို လိုက်နာဖို့လိုအပ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က လည်း အသိပေးထားပါတယ်။
ဖယ်ခုံအင်းရဲ့ အရှေ့ဘက်ကမ်းမှာ ကရင်နီအခြေအစိုက် တော်လှန်ရေးတပ်တွေဖြစ်တဲ့ မိုးဗြဲ-PDF ၊ ဖယ်ခုံ -PDF နဲ့ လွိုင်ကော်-PDF တပ်ရင်းတွေအပြင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ လှုပ်ရှားနေပြီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။
ပုံစာ – ကရင်နီ စစ်ဘေးရှောင်စခန်းတစ်ခုရဲ့ မြင်ကွင်း
ဓါတ်ပုံ – Hope for Burma

