ရန်ကုန် – ၂၀၂၅ ဇူလိုင် ၃ (မော်ကွန်း)
ရှမ်းတောင်နဲ့ ကရင်နီအစပ်က မိုးဗြဲမြို့နဲ့ မိုးဗြဲ-ဖယ်ခုံလမ်းပိုင်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တချို့ကပြောပါတယ်။
ပြီးခဲ့တဲ့လ လဆန်းပိုင်းက စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် အင်အားထောင်နဲ့ချီပြီး မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတာပါ။
ဒီနေ့ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပေမယ့် မိုးဗြဲမြို့ပေါ်နဲ့ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားလိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က ဒီလမ်းပိုင်းကို ထိန်းချုပ်လိုက်တာကြောင့် ဖယ်ခုံအင်းရဲ့ အရှေ့ဘက်ကမ်းမှာရှိတဲ့ ဒေသတွင်းစစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးတပ်တွေအတွက် ထောက်ပို့လမ်းကြောင်း အခက်အခဲဖြစ်လာနိုင်တယ်လို့ ၎င်းဒေသခံက ပြောပါတယ်။
“မိုးဗြဲရသွားပြီဆိုတော့ ဒီဘက်ဖယ်ခုံကိုလည်း သူတို့ပြန်ဝင်နေပြီ။ သူတို့က မြေပြင်မှာလည်း အင်အားအလုံးအရင်းသုံးတယ်။ လက်နက်ကြီးပစ်အား၊ လေယာဉ်၊ ဒရုန်းတွေနဲ့ တောက်လျှောက်တိုးပြီး ဝင်လာတာ။ မိုးဗြဲကို ရဖို့ သူတို့အတွက် အရေးကြီးနေပုံရတယ်” လို့ ၎င်းဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
မိုးဗြဲနဲ့ ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး မိုးဗြဲတစ်မြို့လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ မိုးဗြဲကို တန်ပြန်ထိုးစစ်ဆင်လာပြီး တိုက်ပွဲတွေ ပြင်းထန်လာတာပါ။
တော်လှန်ရေးတပ်တွေဟာ မိုးဗြဲမြို့ပေါ်နဲ့ ကားလမ်းကို ထိန်းချုပ်စိုးမိုးထားပေမယ့် မိုးဗြဲမြောက်ဘက်ခြမ်းက စစ်ကောင်စီရဲ့ ခြေမြန်တပ် ခမရ (၄၂၂) ကို မသိမ်းလိုက်နိုင်တာကြောင့် အခုလို စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်နိုင်ခဲ့တာလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကလည်း သုံးသပ်ပါတယ်။
မိုးဗြဲမြို့ကို တော်လှန်ရေးတပ်တွေဘက်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF၊ ဒီမော့ဆို DMO Local PDF၊ ရှမ်းတောင်ဗျူဟာ ၁ ၊ မိုးဗြဲ Local PDF နဲ့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- KPLAနဲ့ Urban Revolutionary Front – URFတို့ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
“မိုးဗြဲက ဒီပြည်ထောင်စုလမ်းပေါ်မှာရှိနေတော့ ဒီလမ်းပွင့်ဖို့ သူတို့ ထိုးစစ်ဆင်နေတာ ကာလအတော်ကြာနေပြီ အခုလည်း နှစ်ဖက်ဆိုင်ထားတဲ့ နေရာတွေ အများကြီးရှိနေသေးတယ်။ တိုက်ပွဲတွေလည်း ရှိနေသေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကရင်နီတောင်ပိုင်း မော်ချီး၊ ဖားဆောင်းနဲ့ ဘော်လခဲမြို့တွေမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ပြန်ရသွားပေမယ့် ကရင်နီတောင်ပိုင်း ထိုင်းနယ်စပ်အနီးက ဖားဆောင်းမြို့ကိုတော့ တော်လှန်ရေးတပ်တွေဟာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာပါ။
ဒီရက်ပိုင်းမှာပဲ ဖားဆောင်းမြို့ရဲ့ စစ်ကောင်စီရဲ့ လက်ကျန်တပ်ရင်းနှစ်ခုဖြစ်တဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တဲ့ သတင်းတွေနဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိထားတဲ့ ရုပ်သံဖိုင်တွေလည်း လူမှုကွန်ရက်မှာထွက်ပေါ်နေပါတယ်။
ပုံစာ – ကရင်နီဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – KNDF

