ငလျင်နောက်ဆက်တွဲကြောင့် ဆင်းရဲမွဲတေမှုနှုန်းဆက်လက်မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်သတိပေး

ငလျင်နောက်ဆက်တွဲကြောင့် ဆင်းရဲမွဲတေမှုနှုန်းဆက်လက်မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်သတိပေး

ရန်ကုန် – ၂၀၂၅ ဇွန် ၁၆ (မော်ကွန်း)

စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးရဲ့နောက်ဆက်တွဲကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးထိခိုက်ခဲ့ပြီး နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ် (World Bank) ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြပါတယ်။

မြန်မာ့စီးပွားရေး အညွှန်းကိန်းတွေကို စောင့်ကြည့်လေ့လာပြီး အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ ကမ္ဘာ့ဘဏ်က “မြန်မာနိုင်ငံတွင် ငလျင်ဘေးနောက်ဆက်တွဲကြောင့် စီးပွားရေးစိန်ခေါ်မှုများ ပိုဆိုးလာ” ဆိုတဲ့ အစီရင်ခံစာကို ဒီလ ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။

ငလျင်ဘေးမတိုင်မီက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၂၃ နဲ့ ၂၀၂၄ မှာ ၃၁ ရာခိုင်နှုန်းထိ ရှိနေတာပါ။

ငလျင်ဘေးဖြစ်ပွားပြီးနောက်မှာတော့ နိုင်ငံရဲ့ ဆင်းရဲမွဲတွေမှုနှုန်းဟာ ၂ ဒသမ ၈ ရာခိုင်နှုန်းခန့် ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ၎င်းအစီရင်ခံစာမှာ ဖော်ပြထားတာပါ။

လူတစ်ဦးချင်းရဲ့ တစ်ရက်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဒေါ်လာအောက် ရောက်ရှိနေသူတွေကို ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်ရှိနေသူတွေလို့ ကမ္ဘာ့ဘဏ်က သတ်မှတ်ထားပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်ကတော့ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအကျိုးဆက်တွေကြောင့် နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ မြင့်တက်ခဲ့ပါတယ်။

လက်ရှိလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် စက်ရုံတွေပိတ်ရတာ၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ အကန့်အသတ်တွေနဲ့ ရင်ဆိုင်လာရတာ၊ လုပ်သားရှားပါးလာတာ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးသွားတာတွေက နိုင်ငံစီးပွားရေးကို ကမောက်ကမဖြစ်စေခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ငလျင်ကြောင့် လက်ရှိ ဘတ်ဂျက်ကာလအတွင်း ထုတ်လုပ်မှုတန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်ကထက် ကန်ဒေါ်လာ နှစ်ဘီလီယံခန့် လျော့ကျသွားတယ်လို့လည်း ခန့်မှန်းဖော်ပြထားပါတယ်။

“ပြည်တွင်းပဋိပက္ခများ၊ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများ၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထားဆိုင်ရာ ကန့်သတ်ချက်များ အစရှိသည့် လတ်တလောစိန်ခေါ်မှုများဖြစ်ပေါ်နေစဉ် ငလျင်ဘေး၏ နောက်ဆက်တွဲ စီးပွားရေးဂယက်များ ထွက်ပေါ်လာခြင်းဖြစ်သည်” လို့ ၎င်းအစီရင်ခံစာမှာ ဖော်ပြပါတယ်။

လက်ရှိမှာ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့အတူ ဝင်ငွေနဲ့ထွက်ငွေ မညီမျှမှုကြောင့် အိမ်ထောင်စုတွေဟာ ပိုမိုကြပ်တည်းလာတယ်လို့ အိမ်ရှင်မတချို့ကလည်း ပြောပါတယ်။

တာမွေမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးကတော့ “ အိမ်ရှိသမျှလူ အကုန်အလုပ်လုပ်နေလည်း မလောက်ဘူး။ အရင်က တစ်သောင်းတန်တစ်ရွက်ကိုင်သွားရင် အနည်းဆုံးတော့ နှစ်ရက်သုံးရက်စာလောက်တော့ ဈေးဖိုးလောက်တယ်။ အခုက တစ်သောင်းတန်တစ်ရွက်ကို မနက်စာတောင် မနည်းသုံးရတယ်” လို့ ပြောပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ အပျက်အစီးများခဲ့ပြီး လူ ၄,၀၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။

ငလျင်ကြီးလှုပ်ခတ်တာ နှစ်လကျော်လာပြီဖြစ်ပေမယ့် ငလျင်ဘေးသင့် ဒေသခံတွေဟာ ပြန်လည်ထူထောင်ဖို့အတွက် ရုန်းကန်နေရဆဲဖြစ်ပြီး ထောင်နဲ့ချီတဲ့ ငလျင်ဘေးသင့်ပြည်သူတွေဟာ မိုးထဲရေထဲယာယီတဲတွေမှာ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

ဒီငလျင်ကြီးကြောင့် တစ်နိုင်ငံလုံးမှာ အပျက်အစီးတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံလောက် ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပြီး ပြီးခဲ့တဲ့နှစ်တစ်နိုင်ငံလုံး ဂျီဒီပီရဲ့ ၁၄ ရာခိုင်နှိုင်းထိ ပျက်စီးဆုံးရှုံးခဲ့တာပါ။

ပုံစာ – ငလျင်ဘေးသင့် မန္တလေးက ဒေသခံတချို့

ဓါတ်ပုံ – မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."