ဆားလင်းကြီး – ၂၀၂၃ ဇွန် ၂၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်ဟာ ညောင်ပင်ကြီးရွာအပါအဝင် အနီးအနားကရွာတွေကို နေ့စဉ်လိုလိုမီးရှို့နေပြီး ဒီကနေ့မှာလည်း ရွာနှစ်ရွာကိုမီးရှို့ခဲ့ပါတယ်။
“ညောင်ပင်ကြီးစခန်းသိမ်းပြီးတဲ့နောက် စခတွေက ညောင်ပင်ကြီးရော၊ ထိစပ်နေတဲ့အနားကရွာတွေရောရှို့နေတာ”လို့ဒေသခံကပြောပါတယ်။
ဒီနေ့နံနက် ၁၀:၀၀ နာရီလောက်က ညောင်ပင်ကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်ဟာ အောင်ချမ်းစီကျေးရွာနဲ့ထန်းတောလေးကျေးရွာတွေကို မီးရှို့ခဲ့တာဖြစ်ပါတယ်။
အိမ်ခြေဆုံးရှုံးမှုကိုတော့ အတည်မပြုနိုင်သေးဘဲ ဒေသခံတွေထွက်ပြေးနေရပါတယ်။
အောင်ချမ်းစီ၊ ထန်းတောလေးရွာတွေဟာ ညောင်ပင်ကြီးရွာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါ။
အခုလ ၉ ရက်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲစခန်းမှာ အထိုင်ချတပ်စွဲနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ရဲတွေကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ပုံစာ – ဒီနေ့ မီးရှို့ခံနေရတဲ့ အောင်ချမ်းစီနဲ့ထန်းတောလေးရွာ
ဓါတ်ပုံ – CJ
#Dailynews

