ရန်ကုန် – ၂၀၂၅ ဇွန် ၉ (မော်ကွန်း)
ရှမ်းတောင်ပိုင်းနဲ့ ကရင်နီနယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးလာတာကြောင့် ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာ မိုးဗြဲမြို့ပေါ်ထိ တိုက်ပွဲတွေဖြစ်နေပြီး မြို့အဝင်လမ်းမကိုလည်း တော်လှန်ရေးတပ်တွေက ယာယီပိတ်ထားလိုက်ပြီလို့ ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မိုးဗြဲမြို့ပေါ်ကို လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတချို့ထိခိုက်မှုတွေရှိသလို နေအိမ်တွေအများအပြားပျက်စီးနေတယ်လို့ ၎င်းဒေသခံကပြောပါတယ်။
“မိုးဗြဲမြို့ပေါ်လမ်းတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်။ မြို့ပေါ်တော့ ဘယ်သူမသွားရဲကြတော့ပါဘူး။ အရင်ကလည်း စစ်ဘေးရှောင်တွေလောက်ပဲ သွားလာနေတာရှိတယ်။ အဲဒီမှာနေတဲ့လူတွေလည်း ရှောင်နေကြပြီ။ လက်နက်ကြီးတွေလည်း နေ့တိုင်းပစ်နေလို့ မြို့ပေါ်မှာ အပျက်အစီးများတယ်လို့သိရတယ်” လို့ မိုးဗြဲဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒေသခံ PDF တပ်တွေကလည်း မိုးဗြဲမြို့ပေါ် တိုက်ပွဲပြင်းထန်နေတယ်လို့ အသိပေးထုတ်ပြန်ထားပြီး မြို့ပေါ်ကို ပြည်သူလူထုတွေ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ဖို့ အသိပေးထားပါတယ်။
ဖယ်ခုံအင်းအနီးမှာရှိတဲ့ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဒီလဆန်းပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် မိုးဗြဲမြို့တွင်းကိုလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်ပစ်ခတ်နေပြီး မြေပြင်မှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်အပါအဝင် ပအိုဝ်းပြည့်သူ့စစ် (PNO) တပ်တွေပါဝင်တဲ့ စစ်ကြောင်းဟာ မိုးဗြဲမြို့ကို ဖယ်ခုံအင်းရဲ့ အရှေ့ဘက်ကမ်းနဲ့ အနောက်ကမ်းကို တစ်ပြိုင်နက်တိုက်ခိုက်နေတာပါ။
ဒီရက်ပိုင်းမှာ ရှမ်းတောင်ပိုင်းနဲ့ ကရင်နီဆက်စပ်နေတဲ့ မိုးဗြဲ၊ ဖယ်ခုံ အပါအဝင် ဘော်လခဲနဲ့ ဖားဆောင်းတို့မှာ တိုက်ပွဲတွေ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာပါ။
ဒီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းက ရေပူကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ၎င်းကျေးရွာအနီးတစ်ဝိုက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပါသေးတယ်။
စစ်ရေးသုံးသပ်ချက်တွေ ရေးသားနေတဲ့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်ကတော့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ ဖယ်ခုံအင်းရဲ့ အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းနှစ်ခုထဲက တစ်ခုကို လက်လွှတ်ရဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။
ပုံစာ – မိုးဗြဲက တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – မိုးဗြဲ PDF

