ရန်ကုန် – ၂၀၂၅ မေ ၂၀ (မော်ကွန်း)
ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်နှစ်စင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဒီနေ့မွန်းလွဲပိုင်းက ပစ်ချနိုင်ခဲ့တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက မော်ကွန်းကို အတည်ပြုပြောပါတယ်။
ဒီနေ့ မွန်းလွဲ ၁ နာရီခန့်က ဗန်းမော်မြို့မှာ အခြေပြုထားတဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ကို စစ်ကူလာပို့တဲ့ ရဟတ်ယာဉ် နှစ်စင်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ပစ်ခတ်ရာမှာ တစ်စင်းက မီးလောင်ပျက်ကျခဲ့ပြီး နောက်တစ်စင်းက အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်။
“တစ်စီးကတော့ ရွှေကူမြို့မှာ အရေးပေါ်ဆင်းသက်လိုက်တယ်။ နောက်တစ်စီးကတော့ ရွှေကူမြို့နဲ့ ၁၆ မိုင်လောက်ကွာတဲ့ တောထဲကို မီးလောင်ပြီးပျက်ကျသွားတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ဗန်းမော်မြို့ကို ဝင်ရောက်တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာပါ။
လက်ရှိတိုက်ပွဲကာလ ငါးလကျော်ရှိလာပြီဖြစ်ပေမယ့် ဗန်းမော်မြို့မှာ နေ့စဉ် တိုက်ပွဲပြင်းထန်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“တိုက်ပွဲကတော့ နေ့တိုင်းရှိပါတယ်။ ဒီရက်ပိုင်းတော့ မြေပြင်မှာတော့ အဲဒီလောက်မရှိပေမယ့် လေကြောင်းတွေ၊ ဒရုန်းတွေနဲ့ နေ့တိုင်းပစ်ခတ်နေတာရှိပါတယ်” လို့ ၎င်းက ပြောပါတယ်။
KIA တပ်တွေဟာ ပြီးခဲ့တဲ့နှစ်တွေကလည်း စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်တချို့ကို ပစ်ချထားနိုင်ခဲ့ပါတယ်။
၂၀၂၁ မေလပိုင်းက မိုးမောက်မြို့နယ်မှာ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်း၊ ၂၀၂၄ ဇန်နဝါရီလပိုင်းက ဝိုင်းမော်မြို့နယ်မှာ Mi-17 ရဟတ်ယာဉ်တစ်စင်းနဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ FTC 2000 G အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို ပစ်ချထားနိုင်ခဲ့တာပါ။
ပုံစာ – စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းယူထားတဲ့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – NUG

