ရန်ကုန် – ၂၀၂၅ မေ ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထိန်းချုပ်မှုအောက်မှာဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ ယာယီပိတ်လိုက်ရတယ်လို့ ၎င်းစာသင်ကျောင်းတွေမှာ ပညာရေးဝန်ဆောင်မှု ပေးနေသူတချို့က ပြောပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်းမှာရှိတဲ့ စာသင်ကျောင်းတွေ မနေ့ကစပြီး ယာယီပိတ်ထားတယ်လို့ ဒေသတွင်း CDM ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
မနေ့က မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က အိုးထိန်းကွင်းကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၂၀ နဲ့ CDM ဆရာမနှစ်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရသွားပါတယ်။
စစ်ကောင်စီကတော့ ၎င်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို ငြင်းဆိုထားပြီး စစ်ကောင်စီလော်ဘီတယ်လီဂရမ်တွေကလည်း စာသင်ကျောင်းအတွင်း လက်လုပ်ဗုံးပေါက်ကွဲတာလို့ ဆိုကြပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လေကြောင်းသွားလာမှုတွေကို စောင့်ကြည့်နေတဲ့ ဝေဟင် လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ကတော့ မနေ့ကမနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ်တစ်နေရာကို စစ်ကောင်စီဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်သွားတယ်လို့ မှတ်တမ်းတင်ထားပါတယ်။
“ဒီပဲယင်းနယ် တစ်နေရာသို့ မိတ္ထီလာရှမ်းတဲလေတပ် ဂျက်ဖိုက်တာတစ်စီး ဖြင့် (9:37 ) AM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်းသိရပါသည်” လို့ ဝေဟင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မနေ့ကဖော်ပြပါတယ်။
၎င်းလေကြောင်းတိုက်ခိုက်မှုတွေကို ယာယီရှောင်ရှားနိုင်ဖို့ မြိုင်မြို့နယ်မှာဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေကို ယာယီပိတ်လိုက်ကြောင်း ကြေညာထားတယ်လို့ ၎င်းမြို့နယ်က CDM ဆရာမတစ်ဦးက ပြောပါတယ်။
“လောလောဆယ် မြိုင်မြို့နယ်ရဲ့ ပညာရေးဘုတ်အဖွဲ့အောက်မှာရှိတဲ့ ကျောင်းတွေအကုန် ယာယီပိတ်ထားမယ်လို့ ကြေညာထားတယ်။ လုံခြုံရေးအခြေအနေတွေအရ တခြားမြို့နယ်တွေမှာလည်း ပိတ်ထားရပါတယ်” လို့ ၎င်း CDM ဆရာမက ပြောပါတယ်။
လက်ရှိ ဒီပဲယင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိသူအားလုံးကို အရေးယူအပြစ်ပေးသွားမှာဖြစ်ပြီး နိုင်ငံတကာအနေနဲ့လည်း ကလေးငယ်တွေ လုံခြုံစွာပညာသင်ကြားနိုင်ရေးကို ထိရောက်တဲ့ တားဆီးအရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
NUG လက်အောက်မှာဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းတွေရဲ့ စာသင်ကာလကို ခြောက်လသက်မှတ်ထားပြီး ကလေးတွေရဲ့ အသက်အရွယ်တွေ နေရာဒေသတွေရဲ့ လုံခြုံရေးအခြေအနေတွေအပေါ်မူတည်ပြီး ကျောင်းတစ်ခုနဲ့တစ်ခု စာသင်နှစ်သတ်မှတ်ချက်တွေလည်း ကွာခြားမှုတွေရှိပါတယ်။
NUG ရဲ့ ကျောင်းတွေမှာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေ နဲ့ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေက NUG ပညာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့ သင်ရိုးအတိုင်း အဓိကထားသင်ကြားပေးနေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ၎င်းထိန်းချုပ်နယ်မြေတွေမှာ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေး မြေပြင်ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ထားတယ်လို့ NUG ပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပုံစာ – ဒီပဲယင်းမြို့နယ်က လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းမြင်ကွင်း
ဓါတ်ပုံ – ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

