ကော်သူးလေ – ၂၀၂၅ မေ ၁၃ (မော်ကွန်း)
အခုလ ၁၀ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းမှာ စစ်သုံ့ပန်းတစ်ဦးကို စခန်းတာဝန်ရှိသူတွေက လက်ထပ်ထိမ်းမြားပေးခဲ့ပါတယ်။
စစ်သုံ့ပန်း သတို့သားမောင်မျိုးဆွေကို ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅ ကဖြစ်ပြီး ထွက်ပြေးလာချိန် မြဝတီမြို့အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
သတို့သမီးဖြစ်သူကတော့ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ချိန် စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရတဲ့ ဖခင်ဖြစ်သူ ရဲတပ်ကြပ်ကြီးရဲ့ သမီးဖြစ်တယ်လို့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းတာဝန်ခံ စောနေလက မော်ကွန်းကိုပြောပါတယ်။
“သူတို့နှစ်ဦးက ၂၀၂၄ ဇန်နဝါရီမှာ ရောက်ရှိကြပြီး ကောင်လေးက လိမ်လည်းလိမ်မာတယ်၊ စခန်းအတွက်လည်း အားကိုးရတယ်၊ ကျွန်တော်တို့အတွက်လည်း ယုံကြည်ရလောက်တဲ့ သစ္စာတရားမျိုးရှိတာကြောင့် စခန်းမှာ အကူလုံခြုံရေးရဲဘော်အဖြစ်ခံအပ်ထားသူဖြစ်ပါတယ်၊ သူတို့နှစ်ဦးဟာ စခန်းမှာ မေတ္တာမျှနေခဲ့တာ တစ်နှစ်လောက်ရှိပါပြီ”လို့ စောနေလက ပြောပါတယ်။
လက်ထပ်ကြဖို့ စခန်းတာဝန်ရှိသူတွေက တိုက်တွန်းတဲ့အခါ မိဘတွေက သဘောတူတာကြောင့် အခုလ ၃ ရက်မှာ သတို့သမီးဘက်က မိဘတွေကို ခေါ်ယူစေစပ်ခဲ့ပြီး သတို့သားဘက်ကတော့ စခန်းတာဝန်ခံ စောနေလက မိဘအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ သူကပြောပါတယ်။
အခုလ ၁၀ ရက်မှာတော့ မင်္ဂလာပွဲပြုလုပ်ပြီး စခန်းတာဝန်ခံ၊ ဝန်ထမ်း၊ စစ်သုံ့ပန်းအရာရှိနဲ့မိသားစုတွေက မင်္ဂလာပွဲဖြစ်မြောက်အောင် ငွေကြေးအားဖြင့် ဝိုင်းဝန်းကူညီကြတယ်လို့ သူကပြောပါတယ်။
လတ်တလော စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းသားကလေးသူငယ်တွေ၊ ဆရာ၊ ဆရာမတွေအပြင် အရပ်သားပြည်သူ၊ တော်လှန်ရေးရဲဘော်တွေ နေ့စဉ်ကျဆုံးနေရတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရပေမယ့် အခုလို စစ်သုံ့ပန်းတွေကို လူ့အခွင့်အရေးနဲ့ ထိန်းသိမ်းထားတဲ့အပေါ်မှာ ပြည်သူကို ပြန်ဖြေရှင်းရတယ်လို့ စောနေလကပြောပါတယ်။
“စစ်သုံ့ပန်းတွေကို ကောင်းကောင်းထားတယ်လို့ ပြောရင် ပြန်ဖြေရှင်းရပါလိမ့်မယ်၊ ကျွန်တော်တို့ တိုက်ပွဲတွေဟာ အသက်တွေပေးရပါတယ်၊ မတိုက်ဘဲ လက်နက်ချသွားတဲ့ တိုက်ပွဲမျိုးတွေကို ကျွန်တော်တို့အလိုရှိပါတယ်”လို့ စောနေလကပြောပါတယ်။
ဒါကြောင့် စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာ ထိန်းသိမ်းထားခြင်းဟာ ရန်သူလက်နက်ချလာစေဖို့၊ နေ့စဉ်အသက်ပေးနေရတဲ့ ပြည်သူတွေ၊ ရဲဘော်တွေအတွက်ဖြစ်တယ်လို့ သူကပြောပါတယ်။
စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းမှာ ကောင်းမွန်စွာနေထိုင်တဲ့ စစ်သုံ့ပန်းတွေအတွက် မိသားစုနဲ့ ပုံမှန်ဆက်သွယ်ပေးတာ၊ နေ့စဉ်သတင်းတွေ ဖတ်ခွင့်ပေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စစ်သုံ့ပန်းမိသားစုဝင်ကလေးတွေကို ပညာသင်ကြားခွင့်တွေပေးထားပြီး စခန်းမှာ တာဝန်ပြန်လည်ထမ်းဆောင်တာ၊ လွတ်ငြိမ်းချမ်းသာခွင့်တွေပါရရှိနိုင်တယ်လို့ သူကဆိုပါတယ်။
ပုံစာ – အခုလ ၁၀ ရက်က လက်ထပ်ခဲ့တဲ့ တောင်ပိုင်းတိုင်း၊ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက စုံတွဲ
ဓါတ်ပုံ – တောင်ပိုင်းတိုင်း၊ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက စုံတွဲ

