ရန်ကုန်- ၂၀၂၄ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း)
ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သထုံမြို့နယ်၊ သိမ်ဆိပ်မြို့၊ မိုးကောင်းဘုရားကြီးအနီးက တံတားငယ်တစ်စင်း ဒီမနက် ၃ နာရီ ဝန်းကျင်က အချိုးခံခဲ့ရပေမယ့် ကွင်းလမ်းရှိတာကြောင့် လမ်းပိုင်းပြတ်တောက်မှု မဖြစ်ဖူးလို့ အဲဒီလမ်းပိုင်းကို အသုံးပြုနေတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေက ပြောပါတယ်။
အဲဒီ့တံတားဟာ မိုင်းခွဲဖျက်ဆီးခံရပြီး အလုံးစုံပျက်စီးသွားပေမယ့် အနီးဝန်းကျင်မှာ ဒေသခံတွေသုံးတဲ့ ကျေးလက်လမ်းတွေရှိသလို ချောင်းဟာလည်း သေးငယ်တဲ့အတွက်ကြောင့် လမ်းပိုင်းကို ဖြတ်သန်းသွားလို့ရတာလို့ သူတို့ကဆိုပါတယ်။
“တံတားကတော့ကျိုးသွားတယ်။ တံတားအောက်မှာ အောက်လမ်းကရှိတယ်။ အဲဒီအောက်လမ်းက တက်နေကြတယ်။ ဒီနေ့တစ်ရက်တော့ ကျွန်တော်တို့တွေလည်း ခရီးသည်တွေအတွက် အခက်အခဲဖြစ်မှာစိုးလို့ တစ်ရက်နားလိုက်တယ်။ မနက်ဖြန်တော့ ပြန်ထွက်ပါမယ်” လို့ ရန်ကုန်-မော်လမြိုင်-ထားဝယ် ပြေးဆွဲနေတဲ့ ရွှေဝယ်မင်းယာဉ်လိုင်းက အရောင်းစာရေးတစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။
ရန်ကုန်-ထားဝယ် မောင်းနေတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးကလည်း တံတားအချိုးခံရတာ မှန်ပေမယ့် ချောင်းကသေးတဲ့အတွက် ရှောင်ကွင်းပြီး လမ်းပိုင်းကိုအသုံးပြုနိုင်တယ်လို့ ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။
“အိမ်က ကားလေးစီး (ရန်ကုန်-ထားဝယ်) မနက်က ဖြတ်သွားပြီလို့ ဖုန်းဆက်တယ်။ ကွင်းလမ်းရှိတယ်လို့ ပြောတယ်။ ၁၂ ဘီးနှစ်စီး၊ တွဲကားနှစ်စီးဖြတ်သွားတာ” လို့ ၎င်းက ပြောပါတယ်။
မိုင်းခွဲခံလိုက်ရတဲ့ တံတားဟာ အလျား ၃၇ ပေ၊ အကျယ် ၄၈ ပေရှိတဲ့ သံကူကွန်ကရစ်တံတားငယ်ဖြစ်ပြီး တံတားကို ဘယ်အဖွဲ့အစည်းက ဖောက်ခွဲလိုက်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း သထုံနဲ့ ဘီးလင်းမြို့နယ်ကြားက အခုဖောက်ခွဲခံရတဲ့ တံတားနဲ့ ငါးမိုင်ဝန်းကျင်အကွာမှာရှိတဲ့ ကျုံအိတ်တံတား(ရွှေရောင်ပြတံတား) ဖောက်ခွဲခံရလို့ လမ်းပိုင်းပျက်စီးမှုတွေ ဖြစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ တော်လှန်ရေးအဖွဲ့တွေဘက်က ဖောက်ခွဲခဲ့တာဖြစ်ပြီး ကျိုးသွားတဲ့ တံတားကိုလာစစ်ဆေးတဲ့ စစ်ကောင်စီတပ်သားတွေကို ထပ်ပြီး ဒရုန်းဗုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ခရိုင်လမ်းဦးစီးမှူးတစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပါတယ်။
ရန်ကုန်-မော်လမြိုင်လမ်းပိုင်းဟာ မြန်မာပြည်တောင်ပိုင်းဆက်သွယ်ရေးမှာ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းပိုင်းဖြစ်ပြီး အဲဒီလမ်းပိုင်းကနေတစ်ဆင့် ထိုင်းနိုင်ငံနဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးတွေ လုပ်နိုင်သလို ဘားအံ၊ မော်လမြိုင်၊ ထားဝယ်စတဲ့ ပြည်နယ်နဲ့တိုင်း မြို့တော်တွေကိုလည်း ဆက်သွယ်ထားတဲ့ လမ်းပိုင်း ဖြစ်ပါတယ်။
ပုံစာ – ဒီနေ့မနက်ပိုင်းမှာ မိုးကောင်းတံတား ကျိုးကျနေတဲ့ မြင်ကွင်း
ဓာတ်ပုံ – Jurassic Vector