ရန်ကုန် – ၂၀၂၅ မေ ၁၂ (မော်ကွန်း)
ရန်ကုန်မှာ YBS ယာဉ်မောင်းဘဝကနေ ပေါ်တာဆွဲခံခဲ့ရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ တစ်ဦးဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ထံကို လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ KNU က ဒီနေ့မှာထုတ်ပြန်ပါတယ်။
YBS ယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ကိုသက်အောင်ဟာ ၎င်းရဲ့ ဆန္ဒမပါဘဲ စစ်မှုထမ်းဖို့ မတရားဖမ်းဆီး စေခိုင်းခံရသူဖြစ်ကာ ပဲခူးတိုင်း ဖြူးမြို့နယ်၊ ကညွတ်ကွင်းရွာအနီးက စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၄၃၉ ကို ပို့ဆောင်ခံခဲ့ရတာပါ။
၎င်းဟာ ဒီလ ၅ ရက်က ပဲခူးတိုင်း၊ မူးမြို့အတွင်းက KNLA တပ်ရင်း (၈) ဆီကို MA-11 တစ်လက်၊ ကျည်ဘောက်သုံးခု၊ ကျည်အတောင့် ၁၀၀ နဲ့အတူ လက်နက်ချအလင်းဝင်လာတာပါ။
ရန်ကုန်မြို့မှာ စစ်ကောင်စီဟာ စစ်မှုထမ်းဖို့ အတင်းအကြပ်ခေါ်ဆောင်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ မကြာခဏရှိခဲ့ပြီး YBS ကားယာဉ်မောင်းတစ်ဦးပါ အခုလို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာပါ။
လက်နက်နဲ့ အလင်းဝင်လာတဲ့ ၎င်းတပ်သားသစ်ကို KNLA တပ်ရင်း (၈) က ဆုတော်ငွေ ၁၀ သိန်းကျပ် ပေးအပ်ခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချ အလင်းဝင်ဖို့လည်း KNU က အသိပေးထားပါတယ်။
နိုင်ငံတစ်ဝှမ်းမှာ တော်လှန်ရေးအင်အားစုတွေတိုက်ခိုက်တာကို ခုခံနေရတဲ့ စစ်ကောင်စီဟာ ၎င်းတို့အင်အားကို ပြန်လည်ဖြည့်တင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေကို စစ်ထဲသွင်းခဲ့ပါတယ်။
မနှစ်က ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ခဲ့ပြီး မတ်လမှာ စစ်မှုထမ်းဆင့်ခေါ်မှုတွေ စတင်ကာ သုံးလအကြာမှာ စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းဆင်းခဲ့ပြီး ၎င်းသင်တန်းဆင်း တပ်သားသစ်တွေကို ရှေ့တန်းစခန်းတွေကို စတင်ပို့လွှတ်ခဲ့ပါတယ်။
လက်ရှိမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ထိ ခေါ်ယူသင်တန်းပေးနေပြီး ဒီလဆန်းပိုင်းမှာပဲ အပတ်စဉ် ၁၀ သင်တန်းတွေ သင်တန်းဆင်းခဲ့ပါသေးတယ်။
ပုံစာ – လက်နက်အလင်းဝင်လာတဲ့တပ်သားသစ်
ဓါတ်ပုံ – KNU

