ဂေထော၊ ဇေယျာမြင့်
ရန်ကုန်-၂၀၂၀ ဧပြီ ၈ (မော်ကွန်း)

COVID – 19 လူနာအမှတ် ၁၅ ရဲ့ခင်ပွန်း၊ လူနာအမှတ် ၁၇ ဟာ ယနေ့မနက်အစောပိုင်းက ပြည်မြို့ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ ပြည်မြို့ပြည်သူ့ဆေးရုံက ဒုတိယဆေးရုံအုပ် ဒေါက်တာသီတာစိုးက အတည်ပြုပါတယ်။
မနက် ၄ နာရီ ဝန်းကျင်မှာကွယ်လွန်ခဲ့တဲ့ ၎င်းလူနာကို မနက် ၁၀ နာရီ ဝန်းကျင်မှာ ဘာသာဓလေ့ထုံးတမ်းနဲ့အညီ သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ကွင်းဆင်းသတင်းရယူနေတဲ့ မော်ကွန်းသတင်းထောက်က ပြောပါတယ်။
“COVID – 19 ရောဂါကြောင့် သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးရခြင်း ဖြစ်သည်” လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
သေဆုံးသူဟာ ပြည်မြို့အရှေ့ဘက်က ပေါက်ခေါင်းမြို့နယ်ရဲ့ ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးဖြစ်ပြီ ဧပြီ ၂ ရက်က ရောဂါပိုးစတင်တွေ့ရှိခဲ့ကာ တစ်ပတ်အကြာမှာ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ကွယ်လွန်သူဟာ လူနာအမှတ် ၁၅ ထံက ရောဂါ ကူးစက်ခံရသူဖြစ်ပြီး သား၊ သမီး၊ တူမ ဖြစ်သူတို့လည်း ကူးစက်ခံခဲ့ရကာ ပြည်မြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာတွင် ပိုးတွေ့အတည်ပြုလူနာ ၂၂ ဦး ရှိပြီး၊ လူနာအမှတ် ၅ နဲ့ ၁၇ တို့ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။
သင်းအုပ်ဆရာက ဆုတောင်းမေတ္တာပို့သနေစဥ်။
ပုံစာ- ဆေးရုံမှ အလောင်းကို သုသာန်သို့ သယ်ယူနေစဥ်
#Dailynews

