မန္တလေး-၂၀၂၅ မေ ၈ (မော်ကွန်း)
စစ်ကိုင်းငလျင်ကြောင့်ပြိုကျခဲ့ရသည့် မန္တလေးအိုးဘိုအကျဉ်းထောင်မှာ အကျဉ်းသား အနည်းဆုံး ၆၄ ဦး သေဆုံးခဲ့ရပြီး ဒီအထဲမှာ စစ်ကောင်စီမတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦး သေဆုံးခဲ့ ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ယက်(PPNM)က ဒီနေ့ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသား အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၂၃ ဦးဟာ ဒီပြိုကျမှုတွေအတွင်း သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသား ၁၄၀ ကျော် ဒဏ်ရာရခဲ့ကာ လေးဦးကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ နေ့လယ်ပိုင်းမှာ အင်အားပြင်းစစ်ကိုင်းငလျင်လှုပ်ချိန်မှာ အကျဉ်းသားတွေကို တန်းပိတ်ထားတဲ့ အချိန် ( ကိုယ့်အခန်းကိုယ်နေရပြီး အပြင်က သော့ခတ်ထားချိန်) နဲ့ သွားတိုက်နေတာကြောင့် ပြေးမရ၊ ရှောင်မရဘဲ အဆောင်တွေပြိုပိသေဆုံးခဲ့ကြရတာလို့ ဆိုပါတယ်။
ဒီငလျင်ကြောင့် အမျိုးသားအိပ်ဆောင် ၃၊၄၊၆၊ အမျိုးသားအလုပ်ရုံ၊ အမျိုးသမီးအိပ်ဆောင် ၁ နဲ့ အမျိုးသမီးဆေးရုံဆောင်တို့ ပျက်ဆီးခဲ့ရတယ်လို့ PPNM က ထုတ်ဖော်ပြပါတယ်။
သေဆုံးခဲ့သူတွေထဲ နိုင်ငံရေးအကျဉ်းသူနှစ်ဦးနဲ့ သန္ဓေသားနှစ်ဦးလည်း သေဆုံးခဲ့ရတယ်လို့ ဒီအဖွဲ့က ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရေးပါတယ်။
နိုင်ငံရေးအကျဉ်းသူ မနွယ်နီဝင်းဆိုရင် ငလျင်ကြောင့် ဒဏ်ရာရ၊ သန္ဓေသားပျက်ကျနေတာကို ထောင်အာဏာပိုင်တွေက အချိန်မီ ဆေးကုသခွင့်မပေးလို့ သားအိမ်ပိုးဝင်ပြီး သေဆုံးခဲ့ရတာလို့ သူက ရေးပါတယ်။
“ မနွယ်နီဝင်းအပါအဝင် ထောင်တွင်းလူမသိ သူမသိသေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူများထပ်မံ မရှိလာစေရန် အကျဉ်းထောင်များကို စောင့်ကြည့်ကူညီမှုများ အထူးလိုအပ်လျက်ရှိသည်” လို့ ကိုသိုက်ထွန်းဦးက သတိပေးတယ်။
မတ်လ ၂၈ ရက်က လှုပ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူပေါင်း ၄,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ မှတ်တမ်းတွေနဲ့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ပုံစာ- အိုးဘိုထောင်ဆိုင်းဘုတ်
ဓါတ်ပုံ- အိုးဘိုထောင်

