ဂေထော
ရန်ကုန် – အောက်တိုဘာ ၁၁ (မော်ကွန်း)
လာမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ ကျော်မဲပေးခွင့်ရှိသူများ ကြိုတင်မဲပေးနိုင်ရန် ရခိုင်ပြည်နယ်တွင် စာရင်းကောက်နေကြောင်း ယင်းပြည်နယ်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က မော်ကွန်းသို့ပြောသည်။
“အခုက စာရင်းကောက်ထားတုန်းရှိသေးတယ်။စာရင်းမရသေးဘူး။အမှန်ကဘာမှလုပ်စရာမလိုဘူးလေ။သူတို့ (အသက် ၆၀ကျော်တွေ) ကြိုတင်မဲပေးချင်ပေးပေါ့။ဒါပဲရှိတာ”ဟု သူကဆိုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့် စစ်လျဉ်း၍ အွန်းလိုင်းကနေတစ်ဆင့် ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းထဲတွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များရှိ အသက် ၆၀ ကျော်များ ကြိုတင်မဲပေးနိုင်မည်ဟု သူကဆိုသည်။
“အသက် ၆၀ ကျော်လာတာနဲ့အမျှ COVID ရောဂါရလို့ရှိရင် နည်းနည်းပိုပြီးတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်။စိုးရိမ်ရတဲ့အသက်အရွယ်တွေ လုံခြုံအောင်လို့ ဆိုပြီးတော့ ကြိုတင်မဲပေးနိုင်ဖို့ ကျွန်မတို့ အစီစဥ်တွေစပြီးတော့ လုပ်ပါမယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် Stay at Home မြို့နယ်မဟုတ်သည့် လူဦးရေများသည့် မြို့နယ်များတွင်လည်း အသက် ၆၀ ကျော် မဲပေးခွင့်ရှိသူများ ကြိုတင်မဲပေးနိုင်မည့် အစီအစဥ်များလုပ်ရန် ညှိနှိုင်းနေပြီး ဘယ်လိုအတိုင်းအတာ၊ အတိုင်းအဆနှင့် သတ်မှတ်မည်ဆိုသည်ကို မဆုံးဖြတ်ရသေးကြောင်း သူကဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်သည် COVID-19 ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ ၁,၈၀၀ ကျော်ရှိကာ ရောဂါကူးစက်မှု ဒုတိယအများဆုံးလည်းဖြစ်သည်။
ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်များ လာရောက်မဲပေးသည့်အခါ COVID-19 ရောဂါကြောင့် လူစုလူဝေးမဖြစ်စေရန် မဲရုံ ၂,၇၀၀ ကျော်အထိ တိုးချဲ့ထားပြီး မဲရုံတစ်ရုံတွင် လူဦးရေ ၃၀၀ မှ ၁,၀၀၀ အထိ မဲပေးနိုင်မည်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် လာမည့်ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၁၈ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၁,၆၄၀,၀၀၀ ကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ၏ အချက်အလက်များတွင် ဖော်ပြသည်။
#Dailynews

