ရန်ကုန် – ၂၀၂၅ မေ ၅ (မော်ကွန်း)
ပြီးခဲ့တဲ့ရက်ပိုင်းမှာ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ဆွေးနွေးပွဲပျက်ပြီးနောက် စစ်ကောင်စီဟာ မိုးကုတ်၊ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ရက် မနက်ပိုင်းက TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ၎င်းတိုက်ခိုက်မှုမှာ ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရသွားခဲ့တာပါ။
အလားတူပဲ မနေ့က တစ်ရက်တည်းမှာပဲ TNLA ထိန်းချုပ်နယ်မြေ မိုးကုတ်နဲ့ နောင်ချိုမြို့က ကျေးရွာတွေကို ထပ်မံပြီး လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံတစ်ဦးထိခိုက်ဒဏ်ရကာ စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ဒါ့အပြင် ဒီနေ့မနက် ၁၁ နာရီခန့်ကလည်း ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားတာပါ။
လက်ရှိမှာ စစ်ကောင်စီဟာ TNLA ထိန်းချုပ်ဒေသတွေကို စစ်အင်အားဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာတွေနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာကြဖို့လည်း အသိပေးထားပါသေးတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက TNLA နဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့တွေဟာ တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲက နှစ်ဖက်သဘောတူညီချက်မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
၎င်းဆွေးနွေးပွဲမှာ စစ်ကောင်စီက TNLA တပ်တွေကို နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေဆီကနေ နမ့်ဆန်နဲ့ မန်တုံမြို့နယ်တွေထိ တပ်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ၎င်းတောင်းဆိုချက်ကို TNLA က လက်မခံခဲ့တာကြောင့် ဆွေးနွေးပွဲပျက်ခဲ့တာပါ။
ဒီနှစ်ဖေဖော်ဝါရီပိုင်းကလည်း စစ်ကောင်စီနဲ့ TNLA အကြား တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့ကြသေးပေမယ့် ၎င်းဆွေးနွေးပွဲကလည်း သဘောတူညီမှုမရဘဲ ပျက်ခဲ့တာပါ။
စစ်ကောင်စီဟာ ၎င်းတို့စစ်ရှုံးပြီး လက်လွှတ်လိုက်ရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကိုတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ် (MNDAA) တွေဟာ ပြီးခဲ့တဲ့လပိုင်းမှာ လားရှိုးကနေ ပြန်ဆုတ်ခွာပေးခဲ့ရပါသေးတယ်။
၂၀၂၃ အောက်တိုဘာလပိုင်းမှာ အစပြုခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုးနဲ့ ချင်းရွှေဟော်တို့လို တရုတ်နယ်စပ်အနီးမှာရှိတဲ့ မြို့တွေကို သိမ်းပိုက်ခဲ့တာပါ။
ပုံစာ – မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်ခံရတဲ့မြင်ကွင်း
ဓါတ်ပုံ – TNLA

