မတ္တရာ- ၂၀၂၅ ဧပြီ ၁၈ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဇီးကုန်းရွာအနီး၊ ဧရာဝတီမြစ်အတွင်း ငါးရောင်းသွားတဲ့ဒေသခံစက်လှေကို စစ်ကောင်စီတပ်က ဒီမနက် ၁၁ နာရီဝန်းကျင်မှာ သေနတ်နဲ့ပစ်ခတ်လို့ စက်လှေပေါ်ပါ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ အဲဒီဒေသက တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်တဲ့ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်ဘေးက ရှိန်းမကားရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဇီးကုန်းရွာက ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာရှိပြီး ရှိန်းမကားရွာက မြစ်ရဲ့ အနောက်ဘက်အခြမ်းမှာရှိတာပါ။
“ အထက်ပိုင်းကနေ မန္တလေးကိုပြန်(ဆင်း)တဲ့ သံခွန်မော်တော်ကို ရှိန်းမကားက စစ်သားတွေက ကမ်းကပ်ခိုင်းတာ။ အခုက လက်နတ်ဖောက်ပြီး ကပ်ခိုင်းတာ။ သံခွန်မော်တော်နားမှာ ငါးရောင်းသွားတဲ့ စက်လှေတစ်စီးရှိတယ်၊ အဲဒီစက်လှေပေါ်က ပြည်သူတွေကို သွားထိမှန်တာ” လို့ သူက ပြောပါတယ်။
ဧရာဝတီမြစ်ကြောင်းမှာ သွားလာကြတဲ့ အရပ်သားသင်္ဘောတွေကို စစ်ကောင်စီတပ်က ဆက်ကြေးကောက်ဖို့ ပစ်ခတ်ရပ်တန့်တဲ့ ဖြစ်ရပ်တွေ ယခင်ကလည်းရှိဖူးပြီး အခုတော့ လူထိမှန်သေဆုံးရတဲ့အထိ ဖြစ်ခဲ့တာပါ။
ပစ်ခတ်မှုကြောင့် တံငါသည်လှေပေါ်က အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရထားတဲ့ အမျိုးသားတစ်ဦးကို လက်ရှိဆေးရုံပို့ဆောင်ထားပြီး သူလည်း အခြေအနေစိုးရိမ်ရတယ်လို့ ပြောပါတယ်။
မန္တလေးတိုင်း၊ မတ္တရာနယ်အနောက်ဘက်ခြမ်းဟာ တော်လှန်ရေးတပ်တွေ အားကောင်းရာ ဒေသဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ကျေးလက်ဒေသတွေကိုလည်း တော်လှန်ရေးတပ်တွေက စိုးမိုးထားတာ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ကြောင်းနဲ့ ချင်းတွင်းမြစ်ကြောင်း အသုံးပြုပြီး နိုင်ငံအထက်ပိုင်းက ဒေသတွေကို ကုန်စည်ပို့ဆောင်ကြတဲ့ ရေယာဉ်တွေဟာ စစ်ကောင်စီအပါအဝင် သူ့ကိုတော်လှန်ကြတဲ့ အဖွဲ့စုံရဲ့ ဆက်ကြေးတောင်းမှုတွေကြောင့် ကုန်ကျစရိတ်ကြီးမြင့်တဲ့ပြသနာကို ကြုံရတယ်လို့ ကုန်သည်တချို့က မော်ကွန်းကို ပြောပါတယ်။

ပုံစာ- ဒီနေ့ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့သူနှစ်ဦး
ဓါတ်ပုံ- ဖေဖော်ဝါရီဝမ်း

