မန္တလေး- ၂၀၂၅ ဧပြီ ၁၆ (မော်ကွန်း)
ငလျင်ဒဏ်ကြောင့် ကွဲအက်ယိုင်နဲ့နေတဲ့ မန္တလေးကအဆောက်အအုံတချို့ဟာ အခုရက်ပိုင်းရွာတဲ့မိုးနဲ့ နောက်ဆက်တွဲငလျင်ဒဏ်တွေကြောင့် ထပ်မံပြိုကျတာတွေဖြစ်နေတယ်လို့ မန္တလေးသားတချို့ကပြောပါတယ်။
” မိုးကလည်း ရွာတာများတယ်။ နဂိုကတည်းက နာနေတဲ့ တိုက်တွေပေါ့။ ထပ်ပြိုတာပေါ့။ လူအထိအခိုက်တော့မရှိပါဘူး” လို့ မန္တလေးသားတစ်ဦးက ပြောပါတယ်။
မနေ့ကမိုးရွာစဉ်မှာ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း၊ လမ်း ၈၀နဲ့ ၈၁လမ်းကြားက တိုက်တစ်လုံးပြိုကျခဲ့တယ်လို့ ဆိုပါတယ်။
အင်အား ၇ ဒသမ ၇ ရှိတဲ့ စစ်ကိုင်းငလျင်အပြီး နောက်ဆက်တွဲ ငလျင်ရာနဲ့ချီလှုပ်နေဆဲဖြစ်သလို မန္တလေးသားအများစုဟာ မြေပြင်မှာပဲအိပ်နေကြရဆဲ ဖြစ်ပါတယ်။
အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် မန္တလေးမှာ လူထောင်နဲ့ချီသေဆုံးကာ အဆောက်အအုံ သောင်းနဲ့ချီ ပြိုကျပျက်စီးခဲ့ရတာပါ။

ပုံစာ- မနေ့ကပြိုကျသွားတဲ့ ၂၆ လမ်းပေါ်က အဆောက်အအုံတစ်လုံးရဲ့ မပြိုခင်နဲ့ ပြိုကျပြီးပုံ။
ဓါတ်ပုံ- MML

