ရန်ကုန် – ၂၀၂၅ ဧပြီ ၄ (မော်ကွန်း)
ရန်ကုန်မြို့မှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်ချိန်များပြားနေပြီး CNG ဓါတ်ငွေ့ အချိန်မီမပေးနိုင်တာကြောင့် ညပိုင်းတွေမှာ ဘတ်စ်ကားရှားပါးတဲ့ အခြေအနေတွေ ကြုံတွေ့နေရတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။
ညနေပိုင်း ရုံးဆင်းချိန်တွေမှာ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်တွေ မလုံလောက်တာကြောင့် ယခင်ကထက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတာ၊ ခရီးသည်တွေပြည့်ကြပ်နေတာတွေကို ဒီရက်ပိုင်းမှာ ကြုံတွေ့နေရတယ်လို့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“အရင်ပုံမှန်ထက် ကားတော်တော်ကျဲသွားတယ်။ ည ၈ နာရီနောက်ပိုင်းဆို ကားမရှိတော့ဘူး။ စောစောပြန်ရင်လည်း ကားကကျပ်ပိတ်နေတာပဲ” လို့ ၎င်းက ပြောပါတယ်။
ည ၇ နာရီနောက်ပိုင်းဆိုရင် ရန်ကုန်မြို့လယ်ကနေ YBS ယာဉ်တွေကို အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရပြီး အောက်ဆိုက်ကားတွေကို အဓိကထား စီးနင်းနေရတာကြောင့် ယခင်ထက် ခရီးစရိတ်ပိုသုံးစွဲလာရတယ်လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတစ်ဦးကလည်းပြောပါတယ်။
“အောက်ဆိုက်ကားတော့ တစ်ယောက် ရှစ်ရာ၊ ခေါင်းခန်းဆို ၁,၀၀၀ ပေးစီးရတယ်။ ၇ နာရီ ၈ နာရီဆို လိုင်းကား သိပ်မသေချာတော့ဘူး” လို့ ၎င်းက ပြောပါတယ်။
လက်ရှိမှာ မြို့နယ်တစ်ခုကို လေးနာရီပဲ လျှပ်စစ်မီးပေးနိုင်တဲ့အခြေအနေကြောင့် CNG ဓါတ်ငွေ့ဖြည့်တင်းရာမှာ ယခင်ပိုပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတယ်လို့ YBS ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“တချို့ဂတ်စ်ဆိုင်တွေကတော့ CNG မီးစက်တွေရှိတယ်။ တချို့ဆိုင်တွေမရှိဘူး။ မီးလာမှထည့်ပေးတော့ ဂတ်စ်တစ်ခါထည့်ဖို့ တစ်ညလုံးစောင့်နေရတာရှိတယ်” လို့ ၎င်း YBS ယာဉ်မောင်းက ပြောပါတယ်။
ပြီးခဲ့တဲ့အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်မှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ၊ ဓါတ်အားခွဲဝေဖြန့်ဖြူးတဲ့ စက်ရုံတွေနဲ့ ဓါတ်အားလိုင်းတွေ ချို့ယွင်းပျက်စီးခဲ့တယ်လို့ ရန်ကုန်လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားပါတယ်။
ဒီအတွက်ကြောင့် ဒီလ ၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းက မြို့နယ်တွေကို အုပ်စုသုံးခုခွဲကာ တစ်ရက်ကို လေးနာရီ မီးလာပြီး ရှစ်နာရီကြာ ပြတ်တောက်တဲ့ အစီအစဉ်နဲ့ လျှပ်စစ်မီးပေးဝေနေတယ်လို့ YESC က ထုတ်ပြန်ထားတာပါ။
ပုံစာ – ရန်ကုန်မြို့လယ်က ဘတ်စ်ကားဂိတ်တစ်ခု
ဓါတ်ပုံ – မော်ကွန်း

