ရန်ကုန် – ၂၀၂၅ မတ် ၂၅ (မော်ကွန်း)
မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်ကောင်စီတပ် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒီလမ်းပိုင်းကို ဒီနေ့ကစပြီး သွားလာခြင်းမပြုဖို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။
မြင်းခြံမြို့မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ဟာ မနေ့ကစပြီး အင်အားအများအပြားနဲ့ တောင်သာမြို့ဘက်ကို စစ်ကြောင်းထိုးလာနေပြီး ဒီလမ်းပိုင်းတစ်လျှောက်မှာ တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။
မနေ့က မနက်ပိုင်းကလည်း စစ်ကောင်စီဟာ တောင်သာမြို့ အနီးပတ်ဝန်းကျင်က ကျေးရွာတချို့ကို Y-12 ထောက်ပို့လေယာဉ်တွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်ဟာ တောင်သာ၊ နွားထိုးကြီးနယ်တစ်ဝိုက်ကို လေယာဉ်တွေအပြင် စက်တပ်လေထီးနဲ့ပါ ဗုံးသီးချတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“စက်တပ်လေထီးက မိတ္ထီလာကနေ တက်လာတာလို့ပြောတယ်။ အသံလည်းကြားနေရတယ်။ တစ်စီးပြီးတစ်စီး မနေ့က လေးငါးစီးလောက်ရှိမယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ တောင်သာနဲ့ နွားထိုးကြီးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ နေပြည်တော်-မန္တလေး အမြန်လမ်းပေါ်က ရဲယာဉ်တန်းကို တိုက်ခိုက်ပြီးနောက်ပိုင်း ဒီဒေသကို စစ်ကြောင်းထိုးလာတာလို့ မြေပြင်အခြေအနေကိုသိတဲ့ မြင်းခြံဒေသခံတစ်ဦးကပြောပါတယ်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းက တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာ NUG လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်တွေအပါဝင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေ အများအပြားရှိနေပြီး ဒီဒေသက ကျေးရွာအများအပြားကိုလည်း ထိန်းချုပ်ထားတာပါ။
ဒီတပ်ဖွဲ့တွေဟာ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ထိ ထိုးစစ်ဆင်တိုက်ခိုက်တာ ၊ စစ်ဆေးတာတွေ ပြုလုပ်လာပြီးနောက်မှာ ဒီဒေသကို ရှင်းလင်းဖို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်လော်ဘီတချို့ကလည်း တိုက်တွန်းပြောဆိုတာတွေ ရှိခဲ့ပါတယ်။
ဒီလဆန်းပိုင်းကလည်း မြင်းခြံနယ်မှာလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မန္တလေး-မြင်းခြံ ကားလမ်းပေါ် နယ်မြေရှင်းလင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာပြီးပြန်ဆုတ်ခွာသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာ ၎င်းတိုက်ပွဲတွေကြောင့် တောင်သာနဲ့ နွားထိုးကြီးမြို့နယ်အတွင်း စစ်ဘေးရှောင်နေရတဲ့ ဒေဿခံအများအပြားရှိလာပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ပုံစာ – မြင်းခြံ၊ တောင်သာမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – Myingyan Black Tiger

