ဖလမ်းမြို့မှာ တိုက်ပွဲတွေပြင်းထန်၊ မြို့လုံးကျွတ်နီးပါးစစ်ဘေးရှောင်နေရ

ဖလမ်းမြို့မှာ တိုက်ပွဲတွေပြင်းထန်၊ မြို့လုံးကျွတ်နီးပါးစစ်ဘေးရှောင်နေရ

ရန်ကုန် – ၂၀၂၅ မတ် ၁၈ (မော်ကွန်း)

ချင်းပြည်နယ် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင် တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ဒီရက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် ခလရ -၂၆၈ ကို ချင်းညီနောင်ပူးပေါင်းတပ်တွေက ဒီရက်ပိုင်းအတွင်း ထိုးစစ်ဆင်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။

လက်ရှိမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဖလမ်း-သိုင်းငင်း၊ ဖလမ်း-ဟားခါး လမ်းပိုင်းတွေကို ပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီဟာ လေကြောင်းပစ်ကူ လေကြောင်းထောက်ပို့တွေကို ဖလမ်းတိုက်ပွဲမှာ အများအပြားအသုံးပြုလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“သူတို့ဘက်ကလည်း (စစ်ကောင်စီ) ခလရ -၂၆၈ အနားက စခန်းကုန်းတွေကို လေကြောင်းပစ်ကူတွေသုံးပြီး ထိုးစစ်ပြန်ဆင်လာတယ်။ ဒီဘက်ကလည်း အပြန်အလှန်ထိုးစစ်ဆင်နေတယ်” လို့ ၎င်းသတင်းရင်းမြစ်က ပြောပါတယ်။

ချင်းညီနောင် (Chin Brotherhood) နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေဟာ မနှစ်ကနိုဝင်ဘာမှာစတင်ကာ ဖလမ်းမြို့ကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပြီး တိုက်ပွဲကာလ လေးလနီးပါး ရှိလာခဲ့ပါပြီ။

ဖလမ်းမြို့ပေါ်ထိ တိုက်ပွဲပြင်းထန်လာကာ ဒေသခံတွေ မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့ပေါ်မှာ လူမရှိသလောက်ဖြစ်နေတယ်လို့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဖလမ်းမြို့ပေါ် ရဲစခန်းအပါအဝင် စခန်းကုန်းတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ပြီဖြစ်ပေမယ့် ခလရ -၂၆၈ တပ်ရင်း စခန်းကုန်းကတော့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းအဖြစ် ကျန်ရှိနေတာပါ။

ဒီတပ်ရင်းကို တော်လှန်ရေးတပ်တွေ ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီဟာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကိုပါ လေကြောင်းကပို့ဆောင်နေရပြီး လေကြောင်းအကူအညီကို အဆမတန် အသုံးပြုနေရတယ်လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

မနေ့ကလည်း ဖလမ်း-ဟားခါးလမ်းပိုင်းမှာရှိတဲ့ တလန်ဇန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရစ်ယာန်ဘုရားကျောင်းတစ်ခုနဲ့ လူနေအိမ်ခြောက်လုံး ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းတချို့က ဆိုပါတယ်။

ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်တွေဟာ မြို့အများအပြားကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဟာ ဟားခါး၊ ထန်တလန်၊ တီးတိန်နဲ့ ဖလမ်းမြို့တွေမှာပဲ ကျန်ရှိနေတာပါ။

ပုံစာ – ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တချို့

ဓါတ်ပုံ – CDF-Mindat

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."