မိုးကုတ်မြို့မှာ တစ်အိမ်တစ်ယောက် စစ်မှုထမ်းဖို့ TNLA အဓမ္မလူတောင်းနေ

မိုးကုတ်မြို့မှာ တစ်အိမ်တစ်ယောက် စစ်မှုထမ်းဖို့ TNLA အဓမ္မလူတောင်းနေ

မိုးကုတ်-၂၀၂၅ မတ် ၁၂ (မော်ကွန်း)

မန္တလေးတိုင်း၊ မိုးကုတ်မြို့က အသက် ၁၈ ကနေ ၄၅ နှစ်ကြား အမျိုးသားအားလုံး တစ်အိမ်တစ်ယောက် စစ်မှုထမ်းဖို့ တအာင်းတပ်(TNLA)က ဒီလ ဒုတိယအပတ်ကစတင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ လူတောင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်းကရပ်ကွက်တချို့မှာ TNLA တပ်က အုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေးလုပ်ပြီး မြို့တွင်းက တစ်အိမ်တစ်ယောက်မဖြစ်မနေ စစ်မှုထမ်းဖို့ နဲ့ ၁၀ ရက်အတွင်း လူတောင်းပေးဖို့ ပြောဆိုခဲ့တယ်လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ ရပ်ကွက်လူကြီးတွေက ကန့်ကွက်ကြောင်း ၊ စစ်မှုမထမ်းမနေရလုပ်တာကို ဘယ်သူမှမထမ်းချင်ဘူးဆိုပြီး နာမည်တွေ လက်မှတ်တွေနဲ့ ကန့်ကွက်စာတင်နေကြတယ်။ အဲဒီလိုကန့်ကွက်စာတင်လို့မှမရဘူး၊ ဗမာနေနေ၊ လီဆူနေနေ၊ ဂေါ်ရခါးပဲနေနေ၊ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရလုပ်မယ်ဆိုရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြည်သူလက်မခံတဲ့အရာကို ဆက်မလုပ်နိုင်ဘူးဆိုပြီး နှုတ်ထွက်မယ် “ လို့ မြို့ခံအမျိုးသား တစ်ဦးကပြောပါတယ်။

TNLA တပ်က တအာင်း-ပလောင်ထိန်းချုပ်ဧရိယာထဲ နေထိုင်တဲ့ ဘယ်သူမဆို စစ်မှုထမ်းရမယ်ဆိုပြီး လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

” အခုလက်ရှိ မြို့ထဲမှာ PDF ထဲက လူတွေရှိနေတာပဲ။ NUG ကလူတွေလည်းရှိနေတာပဲ။ ဘယ်လိုလုပ်မှာလဲ။ သူတို့တိုင်းရင်းသားမို့ တိုင်းရင်းသားကိုခေါ်တာအရေးမကြီးဘူးလေ။ တိုင်းရင်းသားမဟုတ်တဲ့လူတွေပါ ခေါ်မယ်ဆိုတော့ NUG လက်အောက်မှာ နေနေရတာလား။ ပလောင်လက်အောက်နေနေရတာလား။ သေနတ်ရဲ့လက်အောက်မှာနေနေရတာလား။ အခုက ဘယ်ဘက်နေနေ၊ သေနတ်လက်အောက်နေနေရသလို ဖြစ်နေတာ။ အုပ်ချုပ်မှုတစ်ခုမှ မရှိသလို ဖြစ်နေတာ။ အခုချိန်က ဘယ်သူ့အဖေခေါ်ရမလဲ မသိ ဖြစ်နေတာ” လို့ မိုးကုတ်မြို့ခံ လူငယ်တစ်ဦးက သူက ပြောပါတယ်။

မိုးကုတ်မြို့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ TNLA က သိမ်းပိုက်ရရှိခဲ့ပြီးနောက်ပိုင်း မြို့တွင်းက တအာင်း-ပလောင်လူမျိုးတွေရှိတဲ့ ဘော်လုံးကြီးရွာ ၊ ဘော်လုံးလေးရွာ၊ ဆင်ခွာ၊ ကျောက်ကြမ်း၊ သစ်စိမ့်ကုန်း၊ ပိန်းပြစ် ဆိုတဲ့ တအာင်းလူမျိုးတွေ နေထိုင်တဲ့ရွာတွေမှာ လူသစ်စုဆောင်း တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဘော်လုံးကြီးရွာမှာဆိုရင် ရပ်ဝေးမှာအလုပ်လုပ်နေတဲ့ သားဖြစ်သူ စစ်မှုထမ်းမလာတာကြောင့် အသက် ၆၀ ကျော်အရွယ် အမေနဲ့ အဒေါ်ကို TNLA က ဒီနှစ် ဇန်နဝါရီလထဲမှာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ရွာခံတချို့က ပြောပါတယ်။

မိုးကုတ်မြို့နယ်က တအာင်း-ပလောင်တွေ နေထိုင်တဲ့ ကျေးရွာတွေမှာ TNLA က လူသစ်စုဆောင်းရာမှာ လူငယ် မရှိတဲ့ နေအိမ်တွေမှာ မိဘတွေကိုခေါ်‌သွားတာ၊ မိသားစုလိုက်တိမ်းရှောင်တဲ့နေအိမ်တွေကို ချိပ်ပိတ်တာတွေ လုပ်ဆောင်နေပြီး စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ ထွက်ပြေးတိမ်း ရှောင်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

TNLA က ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီ ၄ ရက်မှာ အသက် ၁၆ ကနေ ၃၅ အတွင်း တအာင်း-ပလောင်အမျိုးသားတိုင်း စစ်မှုထမ်းဖို့၊ ညီအကိုနှစ်ဦးနဲ့ အထက်ရှိတဲ့မိသားစုမှာ တစ်ဦး မဖြစ်မနေ စစ်မှုထမ်းဖို့၊ စစ်မှုထမ်းအကျုံးဝင်သူတွေဟာ သာသနာ့ဘောင်ဝင်နေသူနဲ့ ကျန်းမာ‌ရေးချို့ယွင်းသူဖြစ်ပါက ကင်းလွတ်ခွင့်ပြုဖို့၊ အမျိုးသမီးများအနေနဲ့ မောင်နှမသုံးဦး အထက်ရှိရင် စစ်မှုထမ်းရမှာဖြစ်ပြီး အရပ်ဘက်အဖွဲ့စည်းတွင် ဗဟိုကော်မတီဝင်ဖြစ်နေပါက ကင်းလွတ်ခွင့်ပြုဖို့၊ အသည်းရောင်အသားဝါ ဘီ၊ စီ ပိုး‌ရောဂါရှိသူများကိုလည်း ကင်းလွတ်ခွင့်ပြုမယ်ဆိုတဲ့ ဥပဒေကို ထုတ်ပြန်ခဲ့ပေမယ့် စစ်မှုထမ်းသက်တမ်းကာလအပိုင်းခြားကိုတော့ ထုတ်ပြန်ချက်ထဲမပါဝင်ပါဘူး။

အာဏာသိမ်းစစ်ကောင်စီနဲ့တိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့ အသီးသီးဟာ သူတို့ထိန်းချုပ်ဧရိယာတွေက လူထုကို အဓမ္မ စစ်မှုထမ်းခိုင်းနေတာတွေက နိုင်ငံအနှံဖြစ်ပွားနေသလို စစ်ကောင်စီကလည်း သူ့ထိန်းချုပ်ဧရိယာမြို့ပြတွေက လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းနေတာကြောင့် ပြည်တွင်းစစ်အတွင်း လူငယ်တွေဟာ လူအခွင့်အရေးချိုးဖောက်ခံနေကြရတယ်လို့ လေ့လာသူတွေကလည်း ဝေဖန်နေကြပါတယ်။

ပုံစာ- ဒီလ ၁၁ ရက်က တွေ့ရတဲ့ မိုးကုတ်မြို့တွင်းတစ်နေရာ

ဓါတ်ပုံ- မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."