ဂန့်ဂေါ- ၂၀၂၁ အောက်တိုဘာ ၅ (မော်ကွန်း)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ကျွန်းဒက်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီ တပ်တွေ ဒီနေ့မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်မီးရှို့တာကြောင့် အနည်းဆုံး အိမ်ခြောက်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ဂေါ-ကလေး ကားလမ်းမဘေးမှာရှိတဲ့ ဒီရွာကို မီးရှို့ရာမှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ ပျူစောထီးလို့ခေါ်တဲ့ အရပ်ဝတ်လက်နက်ကိုင်တွေလည်းပါလာတယ်လို့ ကျွန်းဒက်ရွာသားတချို့က ပြောပါတယ်။
ရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကို ကျွန်းဒက်ရွာ ကြုံရတာဟာ ဒါဟာ ဒုတိယအကြိမ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ရွာကို ဝင်စီးပြီး နေအိမ်တွေကို ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်တာမျိုး ကြုံရသေးတယ်လို့ ရွာသားတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်လောက်ကစပြီး ဂန့်ဂေါနဲ့ ကလေးမြို့နယ်အစပ်က အနည်းဆုံး ရွာ ၁၁ ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖျက်ဆီးတာကြောင့် အိမ်ခြေပေါင်း ၂၀၀ ခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပြတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်တုန်းက မြင်သားရွာသား ၁၈ ဦး၊ မွှေ့လယ်ရွာသား သုံးဦး၊ ထယ်လှော်ရွာသား တစ်ဦး နဲ့ ရေရှင်ရွာသား နှစ်ဦးတို့ကို ဖမ်းဆီးပစ်သတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
#Dailynews

