ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၄ (မော်ကွန်း)
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲကကျေးရွာတချို့ကို အခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးနေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ စဉ့်ကူး-သပိတ်ကျဉ်းလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
မန္တလေးတိုင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ သပိတ်ကျဉ်းမြို့နယ်ထဲက မြို့၊ ရွာနဲ့ စစ်စခန်းတချို့ကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ်လယ်ပိုင်းထဲမှာသိမ်းယူထားပေမယ့် လက်ကျန်တပ်စခန်းတချို့လည်း ရှိနေသေးတာပါ။
ဒီနေ့မှာလည်း သပိတ်ကျဉ်းမြို့အဝင် ခုနစ်မိုင်အနီးကို စစ်ကောင်စီတပ်ရဲ့ MI-35 ရဟတ်ယာဉ်တစ်စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဆက်တိုက်ပြန်ဖြစ်နေတယ်။ ရဟတ်ယာဉ်ကလည်း မနေ့ကရော ဒီနေ့ရော ပတ်ဝဲနေတယ်။ မြေပြင်မှာလည်း ထိတွေ့တိုက်ပွဲတွေမကြာခဏရှိတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ မန္တလေးတိုင်းမှာအခြေစိုက်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ သပိတ်ကျဉ်းမြို့နယ်အပါအဝင် စဉ့်ကူး၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာလည်း မတ္တရာ-စဉ့်ကူး-သပိတ်ကျဉ်း ကားလမ်းတစ်လျှောက်မှာ တိုက်ပွဲပြန်ဖြစ်လာတာကြောင့် ဒီလမ်ပိုင်းကို ခရီးသွားလာခွင့်ပိတ်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) -MDY PDF က ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီလဆန်းပိုင်းကလည်း သပိတ်ကျဉ်းမြို့နယ် တွင်းငယ်ကျေးရွာအနီးက စစ်ကောင်စီရဲ့ အမှတ် (၁၃) တန်းမြင့်လေ့ကျင်းရေးကျောင်း (တကက) အနီးမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တကက ၁၃ အပါအဝင် တပ်စခန်းတချို့ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားပြီး မတ္တရာ-စဉ့်ကူး- သပိတ်ကျဉ်း လမ်ပိုင်းတစ်လျှောက်ကိုလည်း တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတာပါ။
လက်ရှိမှာတော့ စစ်ကောင်စီဟာ သူတို့စုဆောင်းထားတဲ့တပ်သားသစ်တွေကို မန္တလေးတိုင်းထဲက စစ်မျက်နှာပြင်တွေကို အခုနှစ်ကုန်ပိုင်းကစတင်ပို့လွှတ်နေပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောထားပါတယ်။
ပုံစာ – သပိတ်ကျဉ်းမြို့နယ်က ရဲစခန်းတစ်ခုကို သိမ်းထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – NUG

