ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၂၁ (မော်ကွန်း)
တအာင်းတပ်ဖွဲ့ (TNLA) နဲ့ သဘောတူညီမှုတစ်ခုမှမရတဲ့ဆွေးနွေးပွဲအပြီးမှာပဲ စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို သုံးရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲခန့်က နောင်ချိုမြို့ အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၎င်းကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမီးလောင်သွားပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။
အလားတူ မနေ့ကည ၉ နာရီခွဲခန့်ကလည်း နောင်ချိုမြို့ လောက်ဖန်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး သက်ကြီးရွယ်အိုတစ်ဦး သေဆုံးကာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
အခုလ ၁၉ ရက် ညပိုင်းကလည်း နောင်ချိုမြို့ပေါ်က ဘူတာရပ်ကွက်နဲ့ နောင်ချိုပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံသုံးဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာခဲ့ပါသေးတယ်။
အခုလ ၁၆ ရက်နဲ့ ၁၇ ရက်က စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့အတူ တရုတ်နိုင်ငံကူမင်းမြို့မှာ အပစ်အခတ်ရပ်စဲဖို့ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။
ဒီဆွေးနွေးပွဲမှာ နှစ်ဖက်တောင်းဆိုမှုတွေ အပြန်အလှန်လုပ်ခဲ့ကြပေမယ့် အဖြေမထွက်ဘဲ ဆွေးနွေးပွဲရပ်ဆိုင်းခဲ့ရပြီး စစ်ကောင်စီဟာ ဆက်တိုက်ဆိုသလို TNLA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတာပါ။
TNLA အနေနဲ့ ဆွေးနွေးပွဲမှာ နှစ်ဘက်တပ်တွေ ရောက်တဲ့နေရာမှာအပစ်ရပ်ဖို့၊ နှစ်ဘက်စလုံး ထိုးစစ်ဆင်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာနဲ့ လေယာဉ်ဗုံးကြဲတာတွေ မလုပ်ဖို့နဲ့ နှစ်ဘက်ထိန်းချုပ်နယ်မြေထဲက ဒေသခံတွေ စားဝတ်နေရေးနဲ့ဆေးဝါးသယ်ဆောင်တာတွေကိုခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့ဘူးလို့ TNLA က ထုတ်ပြန်ခဲ့တာပါ။
၎င်းဆွေးနွေးပွဲ မတိုင်ခင်ကလည်း စစ်ကောင်စီဟာ TNLA သိမ်းပိုက်ထားတဲ့ ဒေသတွေဖြစ်တဲ့ ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ မိုးကုတ်မြို့တွေကို လေကြောင်းကနေ ဖိအားပေးတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့တာပါ။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA ဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချိုနဲ့ သီပေါ မြို့တွေအပြင် မန္တလေးတိုင်းက မိုးကုတ်ရတနာမြေကိုပါ စစ်ကောင်စီလက်ထဲကနေ သိမ်းယူနိုင်ခဲ့တာပါ။
စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၆၀ ကျော်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈,၀၀၀ ကျော် စစ်ကောင်စီက တိုက်ခိုက်ထားတယ်လို့ ပဋိပက္ခစောင့်ကြည့်တဲ့ ISP – Myanmar က ဒီလ ၃ ရက်က ထုတ်ပြန်ပါတယ်။ ဒါအပြင် ရှမ်းပြည်နယ်ဟာ လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေ ၁,၇၀၀ ကျော်နဲ့ အများဆုံးတိုက်ခိုက်ခံရတဲ့ ဒေသလို့လည်း ISP က ဖော်ပြထားပါတယ်။
ပုံစာ – ဒီနေ့မနက်ပိုင်းက ဒရုန်းနဲ့ဗုံးကြဲလို့ မီးလောင်သွားတဲ့ ဘုန်းတော်ကြီးကျောင်းမြင်ကွင်း
ဓါတ်ပုံ – TNLA

