ရာမညပူးတွဲစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းနှင့်တွေ့ဆုံခြင်း (အပိုင်း ၁)

ရာမညပူးတွဲစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းနှင့်တွေ့ဆုံခြင်း (အပိုင်း ၁)

“ရွေးကောက်ပွဲက စကစရဲ့ထွက်ပေါက်။ တစ်တိုင်းပြည်လုံးမှာရှိနေကြတဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ ဒီမိုကရေစီရေး၊ အမျိုးသားရေးအတွက် အကျိုးမဖြစ်ဘူးဆိုတော့ ဒီရွေးကောက်ပွဲမဖြစ်အောင်၊ စကစမှာ ကျန်နေတဲ့ အသက်ရှူပေါက်ကို ပိတ်နိုင်အောင်၊ ပြတ်ပြတ်သားသားဆန့်ကျင်ကြဖို့ စီမံချက်ချထားတယ်။”

ဒေါက်တာ သီရိမွန်ချမ်း

(ရာမညပူးတွဲစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ၊ မွန်ပြည်ကာကွယ်ရေးတပ်-တပ်မှူး)

ကော့ကရိတ် – ၂၀၂၅ ဖေဖေါ်ဝါ်ရီ ၁၈ (မော်ကွန်း)

မကြာသေးခင်က မွန်လက်နက်ကိုင်တပ်ဖွဲ့တွေစုစည်းပြီး ရာမညပူးတွဲစစ်ကြောင်းအဖြစ် ဖွဲ့စည်းလိုက်သလို မွန်တပ်တော်တစ်ခုဖြစ်ပေါ်လာဖို့ထိ ဆွေးနွေးနေကြတာလည်းရှိပါတယ်။

ဒီအကြောင်းတွေကို ရာမညပူးတွဲစစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်သလို မွန်ပြည်ကာကွယ်ရေးတပ်ရဲ့တပ်မှူးဖြစ်တဲ့ ဒေါက်တာသီရိမွန်ချမ်းကို မော်ကွန်းကတွေ့ဆုံမေးမြန်းခဲ့တာတွေထဲကတချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။ ။ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ မွန်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးရည်မှန်းချက်က ဘယ်လိုမျိုးလဲ။

ဒေါက်တာသီရိမွန်ချမ်း။ ။ကျွန်တော်တို့ မွန်ပြည်နယ်မှာလှုပ်ရှားနေတဲ့ မွန်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နိုင်ငံရေးရည်ရွယ်ချက်ကျတော့ တချို့ ပီဒီအက်ဖ်တွေနဲ့ နည်းနည်းကွဲလွဲမှုရှိတယ်။

ကျွန်တော်တို့ရဲ့ ပထမရည်မှန်းချက်က နွေဦးတော်လှန်ရေးအောင်မြင်ဖို့။ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ တခြားပီဒီအက်ဖ်တပ်ဖွဲ့တွေနဲ့အတူ ကျွန်တော်တို့တိုက်မယ်။ အဲဒီနောက်မှာကျတော့ ကျွန်တော်တို့မှာရှိနေပြီးသား အမျိုးသားရေးဆိုင်ရာကိစ္စပေါ့။

အမျိုးသားရေးဆိုင်ရာ လက်နက်ကိုင်တော်လှန်ရေးကျတော့ ကေအဲန်ယူနဲ့အတူတူပူးတွဲလုပ်လာခဲ့တယ်။ အမျိုးသား လွတ်မြောက်ရေးရည်မှန်းချက်လည်းရှိတယ်။ အမျိုးသားလွတ်မြောက်ရေးရည်မှန်းချက်ဆိုတဲ့နေရာမှာကျတော့ ဖက်ဒရယ်ကိုအခြေခံတဲ့ အမျိုးသားလွတ်မြောက်မှုပေါ့။ ဥပမာ – ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်မှာမူတည်ပြီးတော့ ပြည်နယ်၊ ဖက်ဒရယ်ထဲမှာ ရနိုင်တဲ့အခွင့်အရေးကို ရည်မှန်းချက်ထားထားတာပေါ့နော်။

ပထမရည်မှန်းချက်က ရေတိုရည်မှန်းချက်လို့ ပြောလို့ရတယ်။ နွေဦးတော်လှန်ရေးအောင်မြင်လာတာတောင်မှ ကျွန်တော်တို့ ရှိနေပြီးသား တိုင်းရင်းသားကိစ္စတွေကျတော့ ချက်ချင်းပြေလည်သွားမှာမဟုတ်ဘူး။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ရဲ့ အမျိုးသားရေးဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ တခြားဆက်လက်လုပ်ဆောင်သွားဖို့ နိုင်ငံရေးရည်မှန်းချက်တွေ ချမှတ်ထားတာရှိပါတယ်ဗျ။

မော်ကွန်း။ ။ နွေဦးတော်လှန်ရေးအစပိုင်းမှာ မွန်တော်လှန်ရေးမှာ မွန်ပြည်သစ်ပါတီ(ဗဟို)ကစလို့ မွန်ပြည်နယ်မှာ ပါဝင်တာမတွေ့ရပေမယ့် တဖြည်းဖြည်း မွန်တော်လှန်ရေးအဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပေါ်ပေါက်လာတယ်။ အဲဒီမှာမှ အကုန်လုံးက အတူတကွအလုပ်လုပ်နေကြတာကိုတွေ့ရတယ်၊ အဖွဲ့မတူပေမယ့် မကွဲကြဘူးပေါ့။

ဒေါက်တာသီရိမွန်ချမ်း။ ။ ဟုတ်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကစလို့ မွန်ပြည်နယ်မှာ တခြားတိုင်းနဲ့ ပြည်နယ်တွေလိုမျိုး စစ်ပွဲတွေရှိမလာခဲ့ဘူး။ အကြောင်းအရင်းက နှစ်ချက်ပေါ့။ မွန်ပြည်သစ်ပါတီပေါ့၊ မွန်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ ဝါရင့်တော်လှန်ရေးအဖွဲ့အစည်းလို့ပဲပြောပြော၊ ရှိခဲ့တဲ့တော်လှန်ရေးအဖွဲ့အစည်းလို့ပဲပြောပြော၊ မွန်ပြည်သစ်ပါတီကျတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်နေတယ်။ နောက်တစ်ခု ကျတော့ အထဲမှာရှိတဲ့ မွန်နိုင်ငံရေးပါတီပေါ့၊ ဥပမာ – MUP (Mon Unity Party)ကလည်း စစ်ကောင်စီနဲ့ တော်တော်လေး ပဏာသင့်ခဲ့တယ်။

စစ်ကောင်စီဗဟိုအဆင့်မှာရော၊ ပြည်နယ်အဆင့်မှာပါ ကိုယ်စားလှယ်လွှတ်ပြီးတော့ အဲဒီလိုပေါင်းစည်းမှုတွေရှိနေတဲ့ အတွက်ကြောင့် တချို့နိုင်ငံရေးမှိုင်းတိုက်မှုကိုလည်း ကျွန်တော်တို့မွန်ပြည်နယ်မှာ တော်တော်လေးခံခဲ့ရတယ်။ တချို့ပြော တာက နွေဦးတော်လှန်ရေးဖြစ်လာခြင်းအကြောင်းအရင်းက ဗမာနဲ့ဗမာအကြား၊ အန်အယ်လ်ဒီနဲ့ စစ်အစိုးရပေါ့နော်၊ မင်းအောင်လှိုင်အကြားဖြစ်တဲ့ကိစ္စဖြစ်ပြီးတော့ ကျွန်တော်တို့တိုင်းရင်းသားနဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့မှိုင်းတိုက်မှုတွေ လည်းရှိလာခဲ့တယ်။

သို့သော်ငြားလည်း ခေတ်သစ်လူငယ်တွေကျတော့ အားလုံးနားလည်ကြတယ်။ ဒီကိစ္စဟာ ဗမာနဲ့ဗမာအချင်းချင်း ပြဿနာမဟုတ်ဘူး၊ အန်အယ်လ်ဒီနဲ့မင်းအောင်လှိုင်အကြား ဖြစ်တဲ့ပြဿနာမဟုတ်ဘူး။ ဖိနှိပ်တဲ့သူနဲ့ ဖိနှိပ်ခံရတဲ့လူတန်းစား နှစ်ခုကြားမှာ တိုက်ပွဲလိုမျိုးပေါ့၊ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့အတွက်ကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ပေါ်လာခဲ့တယ်။

စုဖွဲ့လာတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဦးတည်ချက်၊ နိုင်ငံရေးရပ်တည်ချက်၊ စစ်ရေးရပ်တည်ချက် တော်တော်လေးတူကြတယ်။ ဖွဲ့စည်းလာခဲ့တဲ့အားလုံးရဲ့ ပထမရည်မှန်းချက်က နွေဦးတော်လှန်ရေးအောင်မြင်ဖို့။ စစ်ကောင်စီနဲ့ အာဏာရှင်စနစ်အမျိုးမျိုးကို တိုက်ထုတ်နိုင်ဖို့။ ဒုတိယရည်ရွယ်ချက်က မွန်လက်နက်ကိုင်အားလုံးရဲ့ အမျိုးသားရေးဆိုင်ရာ ရည်မှန်းချက်ပေါ့။ အခု နွေဦးတော်လှန်ရေးအောင်မြင်လာတာတောင်မှ၊ ဒီမိုကရေစီရရင်တောင်မှ ကျွန်တော်တို့ရဲ့အမျိုးသားရေး၊ အခွင့်အရေး၊ တန်းတူအခွင့်အရေး တွေရနိုင်ပါမလားဆိုတဲ့ အာမခံချက်တွေ ဘယ်သူမှမပေးနိုင်ဘူး။ ဒါကြောင့် ရည်မှန်းချက်ချင်းကလည်း တူတဲ့အတွက်ကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နောက်ခံသမိုင်း၊ ရေမြေအနေအထားမတူတာတောင်မှ ရည်မှန်းချက်က တူနေတဲ့အတွက်ကြောင့် နားလည်မှုတွေ၊ မဟာမိတ်မဟုတ်တာတောင်မှ စစ်ရေးဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခမဖြစ်အောင် ကျွန်တော်တို့ ကြိုးစားပြီးတော့ လုပ်နိုင်ခဲ့တဲ့သဘောပေါ့။

မော်ကွန်း။ ။ မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်တဲ့ ရာမညစစ်ကြောင်းဖြစ်ပေါ်လာတဲ့အကြောင်းကို ပြောပြပေးပါဦး။

ဒေါက်တာသီရိမွန်ချမ်း။ ။ အခြားတိုင်းနဲ့ပြည်နယ်လိုမျိုး၊ စစ်ကိုင်းတိုင်းဒေသကြီးလိုမျိုး၊ မကွေးလိုမျိုး မြောက်ပိုင်းတိုင်းနဲ့ပြည်နယ်တွေလိုမျိုး မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ တစ်စုတစ်စည်းတည်း ဗျူဟာမြောက်ပေါင်းစည်းနိုင် မှသာ ထိရောက်တဲ့စစ်ရေးလုပ်ရှားမှုတွေလုပ်နိုင်လိမ့်မယ်ဆိုပြီး တပ်ဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေ အားလုံးနားလည်လာကြတဲ့အတွက်ကြောင့် ၂၀၂၂-၂၃ ကတည်းက ကျွန်တော်တို့စတင်ပြီးတော့ ဆွေးနွေးလာခဲ့တယ်။

သို့သော်ငြားလည်း အခြေအနေအရပ်ရပ်ကြောင့် ရည်မှန်းထားတဲ့ စစ်ရေးပူးပေါင်းမှုကနေ တစ်တပ်တည်းမဖြစ်နိုင်ခဲ့ဘူး။ ၂၀၂၄ ခုနှစ်လောက်မှာကျတော့ ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်နဲ့ မွန်ပြည်တော်လှန်ရေးတပ်တို့ စစ်ရေးမဟာမိတ် တွေနဲ့ ပထမဆုံး ကျွန်တော်တို့ဖွဲ့စည်းနိုင်ခဲ့တယ်။

နောက်ပိုင်းမှာကျတော့ တစ်ခုကောင်းတာက မွန်ပြည်သစ်ပါတီဗဟိုကနေ ကွဲထွက်လာတဲ့ မွန်ပြည်သစ်ပါတီ (Anti-Military Dictatorship- AD) ကလည်း ၂၀၂၄ ဧပြီလမှာ ခွဲထွက်လာတယ်။ အရင်တုန်းက မွန်ပြည်သစ်ပါတီဗဟိုရဲ့ရပ်တည်ချက်က NCA လမ်းကြောင်းအတိုင်းပဲ အပစ်အခတ်ရပ်စဲရေးတွေ၊ ဆက်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုတွေလုပ်နေတယ်။ ဒါပေမဲ့ မွန်ပြည်သစ်ပါတီ(AD) ရဲ့ ရပ်တည်ချက်ကတော့ စစ်ကောင်စီကိုတော်လှန်နိုင်ဖို့ လက်နက်ကိုင်တော်လှန်ရေးနဲ့သွားမှသာ တော်လှန်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ သူတို့လည်းထွက်လာတယ်။

နောက်ပိုင်း မွန်ပြည်သစ်ပါတီ(AD)နဲ့လည်း ကျွန်တော်တို့ထပ်ပြီးတော့ဆွေးနွေးခဲ့တယ်။ ၂၀၂၄ စက်တင်ဘာလမှာ ကျွန်တော်တို့ ပထမအကြိမ်ဆွေးနွေးတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်မှု ဘာမှမပေါ်လာသေးဘူး။ နောက်ပိုင်းမှာ ကျတော့ ဒီဇင်ဘာ ၁၇-၁၈ မှာ ထိပ်သီးစစ်ရေးခေါင်းဆောင်ပေါ့နော်၊ ကျွန်တော်အပါအဝင် အားလုံးဆွေးနွေးပြီးတော့ ကျွန်တော်တို့မွန်ပြည်နယ်မှာလှုပ်ရှားနေတဲ့ တပ်ဖွဲ့လေးဖွဲ့အပြင် ကျန်ရှိနေတဲ့လက်နက်ကိုင်တပ်တွေအားလုံး တစ်စုတစ်စည်းတည်းနဲ့ ဗျူဟာမြောက်ပေါင်းစည်းဖို့ ကျွန်တော်တို့သဘောတူညီခဲ့တယ်။ အဲဒီကနေတစ်ဆင့် မွန်လက်နက်ကိုင်တပ်တစ်ခုဖြစ်အောင်လည်း ကျွန်တော်တို့ပူပေါင်းမယ်ဆိုတဲ့ သဘောတူညီချက်ရခဲ့တယ်။

အဲ့ဒီသဘောတူညီချက်အတိုင်းပဲ။ ဒီ ၂၀၂၅ ဇန်နဝါရီ ၁၇-၁၈မှာ နောက်တစ်ဖန်ထပ်ပြီးတော့ တွေ့ဆုံတယ်။ အရင်တုန်းက ဒီဇင်ဘာ ၁၇-၁၈ မှာ သဘောတူထားတဲ့သဘောတူညီချက်ကို လက်တွေ့ကျကျ စစ်ရေးအရဖော်ဆောင်နိုင်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ ဒီရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းလာခဲ့တယ်။

နောက်တစ်ခုကျတော့ ပြည်တွင်းပြည်ပမှာရှိနေတဲ့ ကျွန်တော်တို့ မွန်ပြည်သူပြည်သားတွေကလည်း မွန်လက်နက်ကိုင်တပ်တွေရဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်ကလည်းအတူတူ၊ မွန်လက်နက်ကိုင်တပ်ကလည်း အတူတူပဲဆိုတော့ ဘာဖြစ်လို့ တစ်စုတစ်စည်းတည်းနဲ့ ဗျူဟာမြောက်ပူးပေါင်းပြီးတော့ စစ်အစိုးရကိုမတိုက်ခိုက်တာလဲလို့ အစဥ်တစ်စိုက်ပြောလာခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီမွန်ပြည်သူပြည်သားတွေရဲ့ တောင်းဆိုချက်၊ တိုက်တွန်းချက်ကို ကျွန်တော်တို့ အလေးထားတဲ့သဘောလည်းပါတယ်။ ကျွန်တော်တို့ စစ်ရေးရည်မှန်းချက်အောင်မြင်ဖို့ဆိုပြီးတော့ ဒီလိုမျိုးဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လာခဲ့တယ်။

မော်ကွန်း။ ။ ရာမညစစ်ကြောင်း၊ အင်အားနဲ့လှုပ်ရှားဒေသတွေကို ဘယ်လိုနေရာမျိုးတွေကို သတ်မှတ်ထားလဲ။

သီရိမွန်ချမ်း။ ။အင်အားနဲ့ပတ်သတ်ပြီးတော့ မီဒီယာတိုင်းက ကျွန်တော်တို့ကိုမေးကြပါတယ်။ သို့သော်ငြားလည်း စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်ဖြစ်တဲ့အတွက်ကြောင့် အင်အားအနေနဲ့ အခုချိန်မှာ ထုတ်ဖော်ပြောပြဖို့မသင့်သေးဘူး။ ကျွန်တော်တို့ စစ်ရေးလှုပ်ရှားမှုနယ်မြေကျတော့ မွန်ပြည်နယ်တစ်ခွင်လုံးပေါ့နော်။ ဒီမြောက်ပိုင်းမှာလည်း သထုံ၊ ကျွန်တော်တို့မဟာမိတ် ကေအဲန်ယူကလည်း အဲဒီဘက်မှာလှုပ်ရှားနေတယ်။ အဲဒီဘက်မှာလည်း ကျွန်တော်တို့ မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့ တခြား PDF အဖွဲ့တွေနဲ့ လှုပ်ရှားတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်တောင်ပိုင်းမှာလည်း လှုပ်ရှားရင်လည်းလှုပ်ရှားမယ်။ နောက်အခြားမဟာမိတ်တွေနဲ့ ပူပေါင်းပြီးလှုပ်ရှားရင်လည်းလှုပ်ရှားမယ်။ သို့သော်ငြားလည်း ကျွန်တော်တို့ မွန်ရာမညပူးတွဲစစ်ကြောင်းရဲ့ စစ်မြေပြင်ကန့်သတ်ချက်ကတော့ မွန်ပြည်နယ်တစ်ခွင်လုံးကို သတ်မှတ်ထားတယ်။

မော်ကွန်း။ ။ တချို့ကလည်း စိတ်ဝင်စားတာဘာလဲဆိုတော့ အထူးသဖြင့် မော်လမြိုင်လိုမျိုးမြို့ကြီးတွေအထိ မွန်တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်လာမလားပေါ့။

သီရိမွန်ချမ်း။ ။ ခုနက ဗျူဟာမြောက်စစ်ဆင်ရေးဆိုတဲ့နေရာမှာလည်း ရာမညပေါ့နော်၊ ရာမညစစ်ဆင်ရေးမှာ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ ဥပမာ-(နိုင်ငံ) မြောက်ပိုင်း၊ အနောက်ပိုင်းလိုမျိုး စစ်ဌာနချုပ်တွေအထိ ကျွန်တော်တို့ အခြေအနေ ပေးရင်ပေးသလို၊ ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်၊ ဗျူဟာမြောက်စစ်ဆင်ရေးဆိုတာ စစ်ဌာနချုပ်ကိုလည်း ရည်မှန်းထားတာရှိတယ်။ တခြားစစ်စခန်းတို့၊ မြို့သိမ်းတိုက်ပွဲတို့ ရည်းမှန်းထားတာရှိတယ်။ ဒါပေမဲ့ ဘယ်နေရာမှာစပြီး အကောင်အထည်ဖော်မလဲဆိုတာ စစ်ရေးဆိုင်ရာလျှိုဝှက်ချက်ဖြစ်တဲ့အတွက်ကြောင့် ပြောလို့မရပါဘူး၊ ဒါပေမဲ့ စစ်ရေးရည်မှန်းချက်က မွန်ပြည်နယ်တစ်ခွင်လုံးပေါ့နော်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်စခန်းတွေ၊ အရေးပါတဲ့ စစ်ဌာနချုပ်တွေကို ဗျူဟာမြောက်စစ်ဆင်ရေးလုပ်နိုင်ဖို့ ဒါကျွန်တော်တို့ရဲ့စစ်ရေးရည်မှန်းချက်ပါပဲ။

မော်ကွန်း။ ။ မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ ချိတ်ဆက်တဲ့ပုံစံကျတော့ ဘယ်လိုအနေအထားမျိုးလဲ။

သီရိမွန်ချမ်း။ ။ မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ အထူးသဖြင့်ပြောရရင် မွန်ပြည်ကာကွယ်ရေးတပ်ကလည်း မဟာမိတ်လိုမျိုးဖွဲ့ထားတယ်။ သိတဲ့အတိုင်းပဲ ၂၀၂၄ ဖေဖော်ဝါရီလမှာ ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ်နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ စစ်ရေးဦးဆောင်မှုအောက်မှာရှိတဲ့ မွန်ပြည်တော်လှန်ရေးတပ်ပေါ့နော်၊ စစ်ရေးဆိုင်ရာ မဟာမိတ်တွေနဲ့ ကျွန်တော်တို့ဖွဲ့ထားတယ် ။

နိုင်ငံရေးအရလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှာ ကျွန်တော့်အနေနဲ့၊ ကောင်စီဝင်တစ်ယောက်အနေနဲ့ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတွေလုပ်နေတယ်။ မွန်ပြည်ဖက်ဒရယ်ကောင်စီမှာဖွဲ့ထားတဲ့ ဒီစကစရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ကော်မတီမှာလည်း ကျွန်တော်အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ယူထားတဲ့အတွက်ကြောင့် ဆက်စပ်မှုရှိနေတယ်။

အခုအချိန်မှာ ဆွေးနွေးနေရတာက ကြီးမားတဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ပေါ့၊ မွန်ပြည်သစ်ပါတီ(AD) ခွဲထွက်လာတဲ့ အတွက်ကြောင့် သူကလည်းနိုင်ငံရေးအရ စစ်ရေးဦးဆောင်ပြီးတော့လှုပ်ရှားနေတယ်။ အဓိကကျတော့ အဖွဲ့အစည်း နှစ်ခုကြားမှာ ဘယ်လိုဖက်ဒရယ်ယူနစ်တစ်ခုအနေနဲ့ပြောပြော၊ နိုင်ငံရေးဦးဆောင်အဖွဲ့တစ်ခုပဲပြောပြော၊ အခုကျွန်တော်တို့ စပြီးတော့ ဆွေးနွေးနိုင်တယ်။

သို့သော်ငြားလည်း စစ်ရေးအရ ကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုရှိနေပြီးသားပဲ။ ဘာဖြစ်လဲဆိုတော့ မွန်ပြည်သစ်ပါတီ (AD)ရဲ့အောက်မှာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဆိုတာ အခုကျွန်တော်တို့ဖွဲ့စည်းထားတဲ့ စစ်ကြောင်း (ရာမည)ထဲမှာလည်းပါသေးတယ်။ နောက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့အောက်မှာ လှုပ်ရှားနေတဲ့ မွန်ပြည်တော်လှန်ရေးတပ်ကလည်း ကျွန်တော်တို့မှာပါသေးတယ်။ နောက်တော့ ကျွန်တော်တို့လိုတပ်မျိုး မွန်ပြည် ကာကွယ်ရေးတပ်ကလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ဖြစ်နေတဲ့အတွက်ကြောင့် တစ်ခုတည်းသောနိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မွန်ပြည်နယ်က သေးသေးလေးပါပဲ။ နောက်ပြီးတော့လည်း ဖက်ဒရယ်ရဲ့ဖွဲ့စည်းပုံအရ မွန်ပြည်နယ်ကိုကိုယ်စားပြုတဲ့ ယူနစ်တစ်ခုပဲ ရှိသေးတယ်။ ဒါကြောင့်လည်း နောက်မကြာခင်ပေါ့နော်၊ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမျိုး ကျွန်တော်တို့ စတင်ပြီးတော့လုပ်နေပါတယ်။ အဲဒီကနေတစ်ဆင့် နိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုလည်း လုပ်လာဖို့ကို ဆွေးနွေးနေတယ်။

မော်ကွန်း။ ။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ပေါ့၊ သူတို့ဆိုရင် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – ခမ်းကောင် (PNDF-KK)နဲ့ ခမ်းဒေါမ် (PPDF-KD) ဆိုပြီး PNFC အောက်မှာ တပ်ဖွဲ့နှစ်ဖွဲ့ရှိတယ်ပေါ့။ တကယ်လို့ နောက်ပိုင်း မွန်တပ်တော်က အဲ့လိုမျိုးဖြစ်လာနိုင်လား။ စစ်ရေးအရပဲပူးပေါင်းထားတဲ့ တပ်တော်တစ်ခုပဲလား။ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ တပ်မျိုး ဖြစ်လာနိုင်မလား။

သီရိမွန်ချမ်း။ ။ ပထမမေးခွန်းအနေနဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမျိုး ကျွန်တော်တို့စတင်ပြီးတော့ လုပ်နေ ပါတယ်။ အဲဒီကနေတစ်ဆင့် နိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနဲ့ပဲ အရင်စမှာပေါ့နော်။ အဓိက တော်လှန်ရေး ကာလမှာပေါ့နော်၊ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ကျွန်တော်တို့ရည်မှန်းထားတဲ့ ပန်းတိုင်ဖြစ်တဲ့ အင်အားတောင့်တင်းတဲ့ မွန်လက်နက်ကိုင်တပ်တစ်တပ်ဖြစ်ဖို့ ဒါကျတော့တပ်ပိုင်းဆိုင်ရာ။

နိုင်ငံရေးဆိုင်ရာမှာလည်း ဒီတိုင်းပါပဲ။ အခုချိန်မှာ မွန်ပြည်သစ်ပါတီ(AD)ကလည်း နိုင်ငံရေးဦးဆောင်အဖွဲ့ တစ်ခုအနေနဲ့ ရှိနေတယ်။ မွန်ပြည်သစ်ပါတီဗဟိုကလည်း ရှိနေသေးတယ်။ နွေဦးတော်လှန်ရေးမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း ပေါ်လာတယ်။ သို့သော်ငြားလည်း ကျွန်တော်တို့ရည်မှန်းထားတာက ဒီမွန်ပြည်ကိုကိုယ်စားပြုတဲ့ယူနစ်တစ်ခုပဲ ရှိသေးတယ်။ ဒီယူနစ်ကျတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီနာမည်နဲ့ သုံးချင်သုံးမယ်၊ တခြားနာမည်နဲ့ သုံးချင်သုံးမယ်။

သို့သော် နိုင်ငံရေးဦးဆောင်အဖွဲ့သုံးဖွဲ့ကြားမှာ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုတွေလုပ်ရမယ်။ လုပ်ပြီးတဲ့အခါကျရင် နိုင်ငံရေးဦးဆောင်အဖွဲ့တစ်ခုတည်း ရှိရမယ်။ ဒါကျတော့ ကျွန်တော့်အမြင်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးတော်လှန်ရေးဆိုင်ရာ အမျိုးသားရေး၊ စစ်ရေးရည်မှန်းချက်ကိုလည်းသိပြီ၊ ရေရှည်အရ နိုင်ငံတော်အောက်မှာ မွန်ပြည်လို့ပဲပြောပြော၊ ရည်မှန်းချက်လည်းအတူတူပဲဆိုတော့ ဖြစ်လာနိုင်တယ်။ ဖြစ်လာရင်တော့ ပအို့ဝ်နဲ့ နည်းနည်းကွာတာက နိုင်ငံရေးဦးဆောင်အဖွဲ့တစ်ခုတည်းရှိမယ်။ နောက်ပြီး စစ်တပ်လည်း တစ်ခုတည်းရှိရမယ်။ ဒါကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပေါ့။ အစိုးရကျတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီဆိုတဲ့ နံမည်နဲ့ သုံးချင်သုံးမယ်၊ နောက်ပြီး မွန်တပ်ကျတော့ မွန်တပ်တော်လို့ပဲ သုံးချင်သုံးမယ်၊ တခြားအမည်လည်း သုံးချင်သုံးမယ်။

မော်ကွန်း။ ။ ခုနကပြောတဲ့ပုံစံအရဆို နိုင်ငံရေးအရအဖွဲ့အစည်းက သုံးဖွဲ့ရှိနေတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်။ မွန်ပြည်သစ်ကနေ ထွက်လာတဲ့အဖွဲ့ရှိမယ်၊ မွန်ပြည်သစ်ဗဟိုကလည်း ဘာပဲပြောပြော သူက စစ်ကောင်စီနဲ့ငြိမ်းချမ်းရေး ဆိုပေမယ့်လည်း သူ့မှာအစဉ်အလာရော၊ မွန်လက်နက်ကိုင်တော်လှန်ရေးဖြစ်ခဲ့တယ်ဆိုတာ သူ့မှာလည်းရှိထားတယ်။ တစ်ခုသိချင်တာက မွန်ပြည်သစ်(ဗဟို)ကရော အခြေအနေထူးတာ လှုပ်တာကောရှိလား။ ဒီတစ်လျှောက် သူတို့နဲ့ ဘယ်လောက်ချိတ်ဆက်ဖြစ်လဲ။

သီရိမွန်ချမ်း။ ။ မွန်ပြည်သစ်ပါတီ(ဗဟို)နဲ့ ထိပ်သီးခေါင်းဆောင်တွေ၊ နောက်ပြီး ကျွန်တော်တို့ရဲဘော်ရဲဘက်တွေနဲ့ မကြာခဏ တွေ့ဆုံမှုတွေရှိခဲ့ပါတယ်။ သူတို့နဲ့ ဆက်ဆံရေးလည်းကောင်းပါတယ်။ သို့သော်ငြားလည်း နည်းဗျူဟာ၊ လျှောက်တဲ့လမ်းစဉ်ကတော့ မတူဘူးပေါ့။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်က စကစကိုနိုင်ဖို့က လက်နက်ကိုင် တော်လှန်ရေးနဲ့သွားမှသာ စစ်ကောင်စီနဲ့ အာဏာရှင်အမျိုးမျိုးကို ကျွန်တော်တို့ဖြုတ်ချနိုင်မယ်။ အဲဒါမှသာ ကျွန်တော်တို့ ရည်မှန်းထားတဲ့ တိုင်းရင်းသားတွေ အစဉ်တစိုက်တောင်းဆိုနေကြတဲ့ အမျိုးသားရေးဆိုင်ရာ အခွင့်အရေးတို့၊ ဒီမိုကရေစီတို့ ရမှာပါ။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."