မောင်တော- ၂၀၂၅ ဖေဖော်ဝါရီ ၁၁ ( မော်ကွန်း)
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့နယ်၊ ရွှေဇားဂုံးနား (မွတ်ဆလင်)ရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲတဲ့အတွက် တစ်ဦးသေပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မနေ့က မနက် ၁၀ နာရီလောက်မှာ အဲဒီရွာကလူငယ်တွေဟာ ကျေးရွာအနီးကနေကောက်ယူလာတဲ့ စစ်ကျန်ဗုံးသီးနဲ့ ဆော့ကစားရာကနေ အခုလိုထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
” ဗုံးသီးက အပြင်ကနေရလာတာ ထင်တယ်။ ဗုံးမှန်းလည်း သိပုံမရပါဘူး။ ဆိုင်ထဲကို ဝင်လာပြီး ကိုင်ဆော့ရာကနေ လွတ်ကျပြီးထပေါက်တာပါ။ တစ်ယောက်က ပွဲချင်းပြီးသေသွားတယ်။ ဘေးနားက လေးယောက်ကတော့ ဒဏ်ရာရပြီးဆေးရုံတင်ထားရတယ်” လို့ မောင်တောဒေသခံ မွတ်ဆလင်လူငယ်တစ်ဦးက ပြောပါတယ်။
ရွှေဇားဂုံးနား (မွတ်ဆလင်) ရွာသားတွေ စစ်ဘေးရှောင်နေကြချိန် စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ ဝင်ရောက်နေထိုင်ခဲ့ဖူးတာကြောင့် စစ်ကျန်ဗုံးသီးနဲ့မိုင်းတွေ အဲဒီရွာဝန်းကျင်မှာ မကြာခဏပေါက်ကွဲမှုရှိတယ်လို့ သူကပြောပေမယ့် မော်ကွန်းအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
” ကိုယ့်ကို သေစေနိုင်လောက်တဲ့ဗုံးသီးကို သိသိကြီးနဲ့ ဘယ်သူမှမကိုင်ဘူး။ အခုဟာက ဘာမှန်းမသိလို့ ကစားစရာအထင်နဲ့ လျှောက်ကိုင်တာ။ တကယ်လို့ စစ်ကျန်လက်နက်နဲ့ပတ်သက်လို့ သူတို့သာ အသိပညာပေးတာတွေ၊ ပြောပြတာတွေကို မြင်ဖူးရင်၊ နားထောင်ဖူးရင် အနားတောင်ကပ်ရဲမှာမဟုတ်ဘူး” လို့ အထက်ပါလူငယ်က ပြောပါတယ်။
သူတို့ဒေသမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ၊ မိုင်းအသိပညာပေးလုပ်ငန်း ပိုမိုကျယ်ပြန့်အောင် လုပ်ပေးဖို့ လိုလားတယ်လို့ သူကဆိုပါတယ်။
ဒီလ ၆ ရက်တုန်းကလည်း အဲဒီရွာကအမျိုးသမီးတစ်ဦးဟာ နေအိမ်အနီးနားမှာပဲ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့သလို ၅ ရက်နေ့တုန်းကလည်း အဲဒီရွာကအမျိုးသားတစ်ဦး နေအိမ်ဝန်းထဲက ရေတွင်းကို ရေခပ်သွားစဉ် မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်စက်တင်ဘာလအထိ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်ဟာ စစ်ကျန်လက်နက်တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု တတိယအမြင့်ဆုံးဒေသလို့ ဖော်ပြခံရပါတယ်။ တစ်နိုင်ငံလုံး ဖြစ်ပွားမှုရဲ့ ၁၂ ရာခိုင်နှုန်းဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တာလို့ UNICEF မြန်မာက သတိပေးပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအထိ ရခိုင်ပြည်နယ်မှာ ပေါက်ကွဲစေတဲ့စစ်ကျန်ပစ္စည်းတွေကြောင့် လူ ၉၀ ခန့် ထိခိုက်ခဲ့ပြီး ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီအထဲမှာ ကလေးသူငယ် ၂၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ငါးဦးသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
တစ်နိုင်ငံလုံးအနေနဲ့တော့ လူ ၇၆၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁၃၀ သေဆုံးခဲ့ရာမှာ ကလေးသူငယ် ၂၀၀ ခန့် ဒဏ်ရာရခဲ့ပြီး ၅၀ ခန့် သေခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။
မောင်တောမြိုနယ်တခုလုံးကို AA က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး ဒီနှစ် ဇန်နဝါရီ ၁ ရက်ကစလို့ စစ်ရှောင်တွေကို မိမိနေရပ် ပြန်လာခွင့်ပေးခဲ့ပေမယ့် မြေမြုပ်မိုင်းရှင်းလင်းရေးတွေ အသေအချာ မလုပ်နိုင်သေးဘူးလို့ ဒေသခံတစ်ချို့က ပြောကြပါတယ်။
ပုံစာ- ဗုံးသီးကွဲလို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ မောင်တောဒေသခံတစ်ချို့ကို သယ်ထုတ်လာစဉ်။
ဓါတ်ပုံ- APM

