မြန်မာနိုင်ငံက ကလေးသူငယ်ငါးသန်းနီးပါး ပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်လို့ UNICEF ထုတ်ပြန်

မြန်မာနိုင်ငံက ကလေးသူငယ်ငါးသန်းနီးပါး ပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်လို့ UNICEF ထုတ်ပြန်

ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၆ (မော်ကွန်း)

၂၀၂၅ အတွင်းမှာ မြန်မာနိုင်ငံအတွင်းက ကလေးသူငယ်ငါးသန်းနီးပါးဟာ ပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကလေးသူငယ်ဆိုင်ရာရန်ပုံငွေအဖွဲ့ (UNICEF) က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၅ အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကြုံတွေ့နိုင်ရတဲ့ အခြေအနေတွေကို သုံးသပ်ထားတဲ့ “Six Things to Watch in Myanmar in 2025” ဆိုတဲ့ အစီရင်ခံစာကို UNICEF က ထုတ်ပြန်ခဲ့တာပါ။

ဒီအစီရင်ခံစာမှာ ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနဲ့လုံခြုံရေး အခြေအနေတွေကို ထည့်သွင်းသုံးသပ်ထားတာပါ။

ဒီအစီရင်ခံစာအရ ကလေးသူငယ် ငါးသန်းနီးပါးဟာ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ နေရပ်ရွှေ့ပြောင်းခံရမှုတွေနဲ့ ပညာရေးဝန်ဆောင်မှုပြတ်တောက်မှုတွေကြောင့် ပညာသင်ကြားခွင့်တွေ ဆက်လက်ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကလေးသူငယ်တွေဟာ ပဋိပက္ခထဲမှာပါဝင်ပတ်သက်နေသူတွေရဲ့ နှစ်ဖက်လူသစ်စုဆောင်းမှုတွေ၊ အရွယ်မတိုင်ခင်လက်ထပ်ထိမ်းမြား ခံရမှုတွေ၊ ကလေးအလုပ်သမားအဖြစ်စေခိုင်းခံရမှုတွေနဲ့ တခြားသော အခွင့်အရေးတွေ ချိုးဖောက်ခံရမှုတွေကို ဖြစ်ပွားနေတယ်လို့ UNICEF က သုံးသပ်ထားတာပါ။

ဒါဟာ မျိုးဆက်တစ်ခုလုံးအတွက် ဆုံးရှုံးမှုဖြစ်ပြီး နိုင်ငံရဲ့ အနာဂတ်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်တွေကိုလည်း ရိုက်ခတ်စေမယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ကလေးသူငယ် တစ်သန်းကျော်ဟာ လိုအပ်တဲ့ကာကွယ်ဆေးတွေ လုံးဝမရရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ဒီအရေအတွက်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသောကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးမှုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်လို့လည်း ဒီအစီရင်ခံစာက သုံးသပ်ထားပါတယ်။

ပြည်တွင်းမှာ ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာတွေ၊ ကာကွယ်ဆေးမရောက်ရှိတဲ့ဒေသတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ မလုံခြုံတဲ့ အခြေအနေတွေဟာ ပြီးခဲ့တဲ့နှစ်တွေမှာ စတင်ဆိုးဝါးလာနေပြီး ၂၀၂၅ အတွင်းမှာလည်း ဒီအခြေအနေတွေ ဆက်လက်ကြုံတွေ့ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အလားတူပဲ နိုင်ငံတွင်းမြင့်တက်နေတဲ့ အစားအစာတွေရဲ့ ဈေးနှုန်းတွေကြောင့် နိုင်ငံတွင်းက ကလေးသူငယ် သန်းဝက်ခန့်ဟာလည်း အဟာရမလုံလောက်တဲ့အခြေအနေတွေ ကြုံတွေ့နေရတယ်လို့လည်း UNICEF က သတိပေးထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့လက်နက်ပစ္စည်းတွေကြောင့် သေဆုံးမှုမြင့်တက်နေပြီး ဒီခြေအနေတွေမှာ ကလေးသူငယ်တွေနဲ့ မိသားစုတွေရဲ့ လုံခြုံရေးဟာလည်း ခြိမ်းခြောက်ခံနေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ဒီလိုအခြေအနေကြောင့် နိုင်ငံအတွင်း ကလေးသူငယ်တွေနဲ့ အရပ်သားတွေအတွက် နိုင်ငံတကာနဲ့ ပြည်တွင်းက အာဏာပိုင်တွေဆီက လူသားစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ်ကူညီပေးဖို့ လိုအပ်နေတယ်လို့ အသိပေးထားတာပါ။

ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးကို အခုလ ၄ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့ပြီး ဒီအစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာကလေးငယ်တွေရဲ့ အနာဂတ်ကို ကယ်တင်ပေးဖို့နဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသဂ္ဂမအေဂျင်စီတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ပေးဖို့ကို ဒီအစည်းအဝေးမှာ ဦးကျော်မိုးထွန်းက ထည့်သွင်းတောင်းဆိုခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

ပုံစာ – စာသင်ခန်းတစ်ခုမှာ မြင်တွေ့ရတဲ့ ကလေးငယ်များ

ဓါတ်ပုံ – UNICEF

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."