ရန်ကုန် -၂၀၂၅ ဇန်နဝါရီ ၃၀ (မော်ကွန်း)
ယောဒေသမှာ မြို့သိမ်းတိုက်ပွဲတွေ စတင်မယ့် အချိန်အခါရောက်လာပြီး စစ်ရေးအရှိန်မြှင့်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ စစ်ဘေးအတွက် ပြင်ဆင်ဖို့ ယောကာကွယ်ရေးတပ် (YDF) က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိမှာ စစ်ဘေးအန္တရာယ်အတွက် ပြည်သူတွေအနေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ သေချာသိမ်းဆည်းဖို့နဲ့ စစ်ရေးကာလအတွင်းမှာ အခက်အခဲတွေမဖြစ်အောင် ရိက္ခာနဲ့ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ဖို့လည်း YDF က အသိပေးထားတာပါ။
ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) ဟာ ယောဒေသကလူငယ်တွေနဲ့စုပေါင်းပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့တပ်ဖွဲ့ဖြစ်ကာ ယောဒေသနဲ့ကပ်လျက် ချင်းပြည်နယ်က မင်းတပ်မြို့သိမ်းတိုက်ပွဲအပြင် တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ပူးပေါင်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တစ်ခုပါ။
လက်ရှိ ယောဒေသရဲ့ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားဖြစ်တဲ့ ပသုံးလုံးအုပ်ချုပ်ရေးကိုလည်း ပြန်လည်ဖွဲ့စည်းဖို့ YDF က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပြီး ပြည်သူ့ဆန္ဒနဲ့အညီ အုပ်ချုပ်ရေးအဖွဲ့တွေပေါ်ပေါက်ဖို့ အကူအညီပေးမှာဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း သက်ဆိုင်ရာ နယ်မြေအလိုက်၊ ဒေသအလိုက် ပြည်သူလူထု အကာအကွယ်ပေးရင်းနဲ့ လူထုထောက်ခံတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပေါ်ပေါက်လာဖို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ယောဒေသမှာ NUG ရဲ့ ဂန့်ဂေါခရိုင်တပ်ရင်းတွေအပြင် မြို့နယ်အလိုက်ဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်း လှုပ်ရှားနေတာပါ။
စစ်ကောင်စီတပ်ကလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကစပြီး ယောဒေသက စစ်ကောင်စီတပ်စခန်းတွေကို အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ ကျောနဲ့ ထီးလင်းမြို့ တို့ပါဝင်ပြီး ချင်းတောင်တန်းနဲ့ထိစပ်နေတဲ့ ယောဒေသမှာ စစ်ကောင်စီဟာ မြို့ပေါ်နယ်မြေအနည်းငယ်လောက်မှာပဲ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်တဲ့ အခြေအနေဖြစ်ပြီး ကျေးလက်ဒေသတွေမှာ တော်လှန်ရေးတပ်တွေရဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုတွေ ရှိနေပြီလို့ ဒေသခံတချို့က ပြောပါတယ်။
“လောလောဆယ် စစ်ကောင်စီက သူတို့တပ်တွေထဲက သိပ်မထွက်တော့ဘူး။ ရွာတွေမှာတော့ ပသလုံးတွေ လုပ်လို့ရတဲ့ရွာတွေလုပ်နေပြီ။ စစ်ကောင်စီအုပ်ချုပ်ရေးကတော့ မြို့ပေါ်လောက်မှာပဲ ရှိတော့တယ်” လို့ ဆောဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က ထီးလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ယောဒေသ ထီးလင်းမြို့ကို မြိုသိမ်းတိုက်ပွဲ ဆင်နွှဲမှာဖြစ်တဲ့အတွက် ဒီမြို့မှာနေထိုင်သူတွေစွန့်ခွာကြဖို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းမှာတည်ရှိတဲ့ ထီးလင်းမြို့နယ်မှာ မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်စခန်းတွေရှိပေမယ့် အနီးတစ်ဝိုက်ကျေးရွာတွေကိုတော့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားပြီး မြို့ပေါ်က ဒေသခံတချို့လည်း နေရပ်ကနေ တိမ်းရှောင်တာရှိခဲ့ပါတယ်။
“ထီးလင်း၊ ကျောက်ထုတို့ဘက်မှာ မြို့သိမ်းတိုက်ပွဲသတင်းတွေ ထွက်နေတာတော့ ကြာပြီပေါ့။ တချို့လည်း စပါးတွေကြိုရိတ်တာ၊ ကြိုလှောင်တဲ့သူတွေလည်း ရှိပါတယ်။ ချင်းတောင်ပေါ်က တိုက်ပွဲအပြီးသတ်ရင် ဒီဘက်ကို ဆင်းလာဖို့ ပြင်နေကြပြီထင်ပါတယ်” လို့ ယောဒေသခံတစ်ဦးက ပြောပါတယ်။
ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောနဲ့ ကျောက်ထုမြို့နယ်တွေ ပါဝင်တဲ့ ဂန့်ဂေါခရိုင်၊ ယောဒေသဟာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့ ဆုံရာဒေသဖြစ်ပြီး ချင်းတောင်တန်းနဲ့ ပုံတောင်ပုံညာတောင်တန်းကြီးကြားမှာတည်ရှိပြီး ပထဝီအနေအထားအရ အရေးပါတဲ့ ဒေသတစ်ခုလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
ယောနယ်အတွင်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေလည်း မကြာခဏဖြစ်နေပြီး ဒေသတွင်းကုန်ဈေးနှုန်းကြီးမြင့်တာ၊ သယ်ယူပို့ဆောင်ရေးခက်ခဲတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။
ဒါ့အပြင် အခုလပိုင်းကစပြီး ထီးလင်းနဲ့ ဂန့်ဂေါမြို့နယ်တွေမှာလည်း တိုက်ပွဲတွေမကြာခဏဖြစ်လာပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ပစ်ခတ်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေလည်း ဆက်တိုက်ရှိလာပါတယ်။
ပုံစာ – ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ယောကာကွယ်ရေးတပ် (YDF) တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – YDF

