မတ္တရာ – ၂၀၂၄ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း)
မန္တလေးတိုင်း ၊မတ္တရာမြို့နယ် ဆိိပ်သာကျေးရွာကို ဒီနေ့မနက် ၈ :၀၀ ဝန်းကျင်မှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ အင်းကုန်းရွာသားတစ်ဦးကို သေနတ်နဲ့ခေါင်းပစ်သတ်ခဲ့ပြီး ဆိပ်သာရွာသားတစ်ဦးကို လည်ပင်းဓားနဲ့လှီးပြီးနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ဆီကသိရပါတယ်။
မတ္တရာမြို့ကနေ စစ်သား အင်အား ၇၀ ကျော်နဲ့ အင်းကုန်းရွာကို ဝင်ရောက်ပြီးနောက် ရွာသားနှစ်ဦးကိုဖမ်းဆီးကာ ဆိပ်သာရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ခဲ့တာလို့ မတ္တရာမျိုးမှန်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အင်းကုန်းကပြည်သူနှစ်ဦးကိုဖမ်းပြီး ဆိပ်သာကိုရောက်တဲ့ချိန် သူတို့နှစ်ဦးကိုဓာတ်ဆီလောင်းပြီး
အိမ်တစ်အိမ်ထဲမှာ ထားကာ အိမ်အပြင်ကနေ မီးရှို့ဖို့ပြင်နေချိန် တစ်ယောက်ကလွတ်သွားတယ်လို့ ပြောပါတယ်။
“တစ်ဦးလွတ်သွားတော့ ကျန်ခဲ့သူ၊ အဖမ်းခံရသူကို မီးမရှို့တော့ဘဲ တံတောင်ဆစ်၊ ကျောတွေကိုဓားနဲ့လှီးတယ်၊ ခန္ဓာကိုယ်တော်တော်များများမှာလည်း ဓားနဲ့မွှန်းထားတယ်၊ နောက်မှဦးခေါင်းကိုတေ့ပြီးပစ်သတ်သွားတယ် “လို့ သူကပြောပြပါတယ်။
ဦးခေါင်းကိုသေနတ်နဲ့တေ့ပြီး ပစ်သတ်ခံရသူဟာ ဦးနှင်း (၃၅နှစ်)ဖြစ်ပြီး နောက်ထပ် အသက် ၂၈နှစ်အရွယ် ဆိပ်သာရွာသား ကိုဇော်မျိုးထက်ကိုလည်း နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
“သူ့ကို တော့ ကျွန်တော်တို့တွေ့ရှိချက်အရ လည်ပင်းကိုဓားနဲ့လှီးထားတယ်၊ ဂုတ်ပိုးကို ခုတ်ထားတယ်၊နောက်ရင်ဘတ်တွေ၊ ကျောတွေ၊ ဝမ်းဗိုက်တွေမှာလည်း ဓားရာကြီးကြီးမားမားတွေ့ရတယ်”လို့သူကပြောပါတယ်။
ဆိပ်သာရွာကို စစ်ကြောင်းထိုးခဲ့တဲ့စစ်တပ်က ရွာအတွင်းကနေအိမ်ငါးလုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီး ဒီနေ့ နံနက်၁၁း၀၀ နာရီအချိန်မှာ ဆိပ်သာရွာကနေ ပြန်ထွက်သွားတယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံဘိုတောက်ကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ အာဏာသိမ်းချိန်ကစလို့ အာဏာသိမ်းစစ်တပ် သတ်ဖြတ်လို့ သေဆုံးရသူဟာ ၄,၅၀၀ ကျော် အနည်းဆုံးရှိလာနေပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်သတ်ဖြတ်သွားတဲ့ ပြည်သူနှစ်ဦး
ဓါတ်ပုံ – Supplied

