AA ရခိုင်မှာ စစ်ရာဇဝတ်မှု ကျူးလွန်းနေတယ်လို့ Fortify Rights အဖွဲ့ ထုတ်ပြန်

AA ရခိုင်မှာ စစ်ရာဇဝတ်မှု ကျူးလွန်းနေတယ်လို့ Fortify Rights အဖွဲ့ ထုတ်ပြန်

ရန်ကုန်- ၂၀၂၅ ဇန်နဝါရီ ၂၃ (မော်ကွန်း)

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(AA) ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အထောက်အထားတွေရရှိထားသလို AA ကို အရေးယူဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)ကို တောင်းဆိုထားတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ Fortify Rights အဖွဲ့က ဒီကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနိုင်ငံတကာအဖွဲ့က ၂၀၁၃ လောက်ကစပြီး မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်စုံစမ်းဖော်ထုတ်နေတဲ့ အဖွဲ့ပါ။

စစ်သုံ့ပန်းလို့ယူဆရတဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတစ်ဦးကို AA တပ်သားနဲ့ အရပ်ဝတ်ထားသူတချို့က လည်လှီးသတ်နေတဲ့ ဗီဒီယိုဖိုင်တွေကို အခြေခံပြီး အခုလိုပြောတာပါ။

“အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားတဲ့ရန်သူ့တပ်သားတွေကို ညှင်းပန်းနှိပ်စက်ပြီး တရားလက်လွတ်ကွပ်မျက်တာ စစ်ရာဇဝတ်မှု မြောက်ပါတယ်” လို့ Fortify Rights က လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံ ဧဂျက်ဇ်မင်းခန့် (Ejaz Min Khant) က ပြောပါတယ်။

ရရှိထားတဲ့ အထောက်အထားတွေအရ လူနှစ်ဦးကို AA တပ်သားတွေပါဝင်တဲ့လူတစ်စုက မြေကျင်းတူးကာ လည်လှီးသတ်ဖြတ်ခဲ့တာ သေချာတယ်လို့ Fortify Rights က ပြောပေမယ့် အခင်းဖြစ်ပွားတဲ့ နေရာအတိအကျကို မသိဘူးလို့ ဆိုပါတယ်။

သုံးမိနစ်ဝန်းကျင်ကြာချိန်ရှိတဲ့ ဗီဒီယိုဖိုင်နှစ်ခုကို မနှစ်က ဒီဇင်ဘာ ၂၅ ရက်နဲ့ ဒီနှစ် ဇန်နဝါရီ ၁၉ ရက်တွေမှာ သူတို့ လက်ခံရရှိ စိစစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ပြစ်မှုကျူးလွန်နေသူတွေဟာ စစ်ရာဇဝတ်မှုကို ပေါ့ပေါ့ပါးပါးကျူးလွန်နေသမျှ မှတ်တမ်းတင်ရိုက်ကူးထားတာကို သူတို့ ကိုယ်တိုင်ကိုက လက်ခံနေတာ တွေ့ရပါတယ်” လို့ ဧဂျက်ဇ်မင်းခန့် (Ejaz Min Khant) က ပြောပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းကလည်း နတ်မြစ်ကိုဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စစ်ရှောင်ထွက်ပြေးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာတစ်ရာကျော်ကို AA က သတ်ဖြတ်ခဲ့တယ်လို့ Fortify Rights က ပြောပါတယ်။

ဒါပေမဲ့ ဒီစွပ်စွဲချက်ကို AA ခေါင်းဆောင်ပိုင်းတွေက မီဒီယာတွေကတဆင့် လူသိရှင်ကြားငြင်းထားပါတယ်။ AA ပြောခွင့်ရခိုင်သုခက စစ်ရာဇဝတ်မှု ကျုးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေး ပြတ်ပြတ်သားသားဆောင်ရွက်မယ်လို့ ပြောထားပါတယ်။

“ ဒါက ရက္ခိုင့်တပ်တော်ရဲ့ တပ်ဖွဲ့ဝင်များအတွင်း နက်နဲအကျည်းတန်ပြီး ပြစ်ဒဏ်ပေးခံရခြင်းက ကင်းလွတ်နေတဲ့ အစဉ်အလာတစ်ခု ဖြစ်ပွားလာနေတာကို ပြသနေတယ်” လို့ ဧဂျက်ဇ်မင်းခန့် (Ejaz Min Khant) က ပြောပါတယ်။

ကုလသမ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အပါအဝင် နိုင်ငံတကာ တရားမျှတမှု ယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ Fortify Rights က AA နဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့အစည်း အင်အားစုတွေ အားလုံးကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဒီလူ့အခွင့်အရေးအဖွဲ့ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တုန့်ပြန်ချက်ရဖို့ AA ပြောခွင့်ရခိုင်သုခ ကို ဆက်သွယ်ထားပေးမယ့် ပြန်လည်ဖြေကြားတာမျိုးမရှိသေးပါဘူး။

ပုံစာ- စစ်သုံ့ပန်းလို့ ယူဆရသူ နှစ်ဦးကို သတ်ဖြတ်နေကြစဉ်။

ဓါတ်ပုံ- Fortify Rights

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."