တိုက်ပွဲတွေကြောင့် ချောင်းသာကမ်းခြေ ဧည့်သည်မရှိတော့

တိုက်ပွဲတွေကြောင့် ချောင်းသာကမ်းခြေ ဧည့်သည်မရှိတော့

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၃ (မော်ကွန်း)

ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေမှာ ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ချောင်းသာကမ်းခြေကို ခရီးသွားတွေ လာရောက်တာမရှိတော့ဘဲ ဒေသခံတချို့လည်း ဘေးလွတ်ရာကိုကြိုတင်တိမ်းရှောင်နေကြပြီလို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတချို့ကပြောပါတယ်။

အခုရက်ပိုင်းကစပြီး ချောင်းသာကမ်းခြေကို ဝင်ရောက်တဲ့ ခရီးသွားကားတွေ မရှိတော့တဲ့အပြင် ရောက်ပြီးသားခရီးသွားတွေလည်း စစ်ပွဲသတင်းကြောင့် တဖွဲဖွဲပြန်ထွက်လာနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာတဲ့ ခရီးသွားတစ်ဦးက ပြောပါတယ်။

“ဧည့်သည်တွေအကုန်ပြန်ထွက်သွားပြီ။ ဧည့်သည်တွေအပြင် အဲဒီက ဈေးသည်တွေလည်းမရှိတော့ဘူး။ ဒီကမ်းခြေဘေးမှာ ဈေးရောင်းတာ၊ တခြားလုပ်ကိုင်စားသောက်တဲ့ ရွာလေးတွေရှိတယ်။ သူတို့တွေလည်း ကြိုပြီးရှောင်နေပြီ” လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ချောင်းသာ-ပုသိမ်လမ်းတစ်လျှောက်မှာလည်း ပုသိမ်ဘက်ကို စစ်ဘေး‌ရှောင်လာတဲ့ ဒေသခံတွေအများအပြားရှိနေတာပါ။

ဒါ့အပြင် ခရီးသွားလုပ်ငန်း အေဂျင်စီတွေကလည်း ချောင်းသာကမ်းခြေခရီးသွားအစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီး ချောင်းသာရဲ့ တောင်ဘက်မှာရှိတဲ့ ငွေဆောင်ကမ်းခြေကိုတော့ ခရီးသွားတချို့ ရှိသေးတယ်လို့

ဒေသတွင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတချို့က ပြောပါတယ်။

“အခုက ငွေဆောင် Package ကတော့ ရောင်းနေတုန်းပဲပေါ့နော်။ ချောင်းသာကတော့ လုံးဝပိတ်လိုက်ပြီ။ Express ကားလည်း မထွက်တော့ဘူး။ ဟိုတယ်တွေလည်း ပိတ်တဲ့ဟိုတယ်တွေ ပိတ်သွားပြီ။ အဓိကတော့ ဝန်ထမ်းတွေရော ဈေးသည်တွေရောပေါ့နေ ပြန်ထွက်နေကြပြီ။ ငွေဆောင်ဘက်မှာတေ့ ရသေးတယ်၊ ခရီးသွားတော့ရှိသေးတယ်လို့ ပြောလို့ရပါတယ်” လို့ ၎င်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူက ပြောပါတယ်။

ချောင်းသာကမ်းခြေနဲ့ ရွှေသောင်ယံကမ်းခြေက ဒေသခံအများစုဟာ ဧရာဝတီတိုင်း ပုသိမ်ဘက်ကို အများအပြား စစ်ဘေးရှောင်လာကြတာဖြစ်ပြီး စစ်ဘေးရှောင်တွေ စုပြီးအိမ်ငှားရမ်းနေထိုင်တာ၊ နီးစပ်ရာဆွေမျိုးတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီတည်းခိုနေထိုင်ကြတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။

ဧရာဝတီတိုင်းထဲက ရွှေသောင်ယံကမ်းခြေမရောက်ခင် မိုင် ၃၀ ခန့်အကွာ ဘောမိကမ်းခြေအနီးမှာ အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီး အခုရက်ပိုင်းအတွင်းမှာ ဒီဒေသတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေတာပါ။

ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဘောမိကမ်းခြေရွာကို စစ်ကောင်စီက လေကြောင်း၊ စစ်သင်္ဘောတွေနဲ့ အပြင်းအထန်ပစ်ခတ်ခဲ့တာကြောင့် ရွာတစ်ခုလုံးနီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒီဒေသခံတစ်ဦးက ပြောပါတယ်။

“ရွှေသောင်ယံကနေ ကြည်းရေလေ သုံးပြီးတော့ကို ညှပ်ပစ်နေတာ၊ ဘောမိရွာကတော့ တစ်ရွာလုံး ကုန်သွားပြီ၊ ဒီဘက်ရွှေသောင်ယံကမ်းခြေတစ်ခုလုံးလည်း စစ်တပ်ကအင်အားဖြည့်နေတယ်။ အဲဒီမှာ တိုက်ပွဲတော်တော်ပြင်းပြင်းထန်ထန် ဖြစ်နိုင်တဲ့ အခြေအနေဖြစ်နေတာပေါ့။ ရွှေသောင်ယံနဲ့ ချောင်းသာအစပ်က ရွာတွေ၊ အကုန် အခုရက်ထဲမှာ ကြိုရှောင်နေကြပြီပေါ့။ တချို့မရှောင်နိုင်တဲ့သူတွေလည်း စစ်ပွဲမရှိနိုင်တဲ့ ကမ်းခြေတွေဘက်မှာ သွားကြတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဂွတောင်ပိုင်းက ဧရာဝတီတိုင်းအဝင် ကမ်းခြေပတ်လမ်းတစ်လျှောက်ကို အခုလ ၁၀ ရက်ကစပြီး AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးဖောက်ဝင်ရောက်လာပြီး မကျီးဇင်၊ ကျောက်ချွန်၊ ဘောမိကမ်းခြေရွာတွေကို AA တပ်တွေ စိုးမိုးထားကာ စစ်ကောင်စီကလည်း ရွှေသောင်ယံကမ်း‌ခြေအနီးကနေ ဧရာဝတီတိုင်းထဲကို စစ်ဦးမကျွံလာစေဖို့ အင်အားအလုံးအရင်းနဲ့ ခံစစ်ပြင်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းအပါအဝင် တောင်ကုတ်၊ ဂွမြို့နယ်တွေ စစ်စခန်းတွေ လက်လွှတ်ရပြီးနောက်မှာ ရခိုင်ရိုးမနဲ့ နယ်နိမိတ်ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း အစပ်၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း အစပ်တွေမှာ အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ AA သတင်းနဲ့ပြန်ကြားရေးက ဒီလ ၂၀ ရက်က သတင်းထုတ်

ပြန်ထားပါသေးတယ်။

ပုံစာ – သံတွဲမြို့အနီးက ငပလီကမ်းခြေကို သိမ်းပိုက်ထားတဲ့ AA တပ်ဖွဲ့ဝင်များ

ဓါတ်ပုံ – AA Info Desk

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."