ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၀ (မော်ကွန်း)
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ ငသိုင်းချောင်း-ဂွ လမ်းပိုင်းတစ်လျှောက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်အကြား တိုက်ပွဲတွေ ဒီရက်ပိုင်းမှာဆက်လက်ပြင်းထန်နေပြီး ဧရာဝတီတိုင်းအစပ်ထဲကို တိုက်ပွဲတွေရောက်လာပြီလို့ အဲဒီဒေသခံတချို့က ပြောပါတယ်။
ငသိုင်းချောင်းမြို့မရောက်ခင် ပုသိမ်-မုံရွာ လမ်းခွဲ၊ ရေနံသာလမ်းဆုံအနီးက စစ်ကောင်စီရဲ့ အမြှောက်တပ်ရင်း အမတ (၃၄၄) တပ်ရင်းကနေ ဒီနေ့မနက်ပိုင်းကစပြီး ရခိုင်ရိုးမထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ငသိုင်းချောင်းဒေသခံတချို့က ပြောပါတယ်။
ဒီနေ့ မနက် ၇ နာရီခန့်ကနေ နေ့လယ် ၁၁ နာရီခန့်ထိ လက်နက်ကြီးအချက်ရေ ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေရှိတယ်လို့ ငသိုင်းချောင်းက စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဂွ-ငသိုင်းချောင်းလမ်းပိုင်း ရခိုင်ရိုးမအစပ်ထဲကို စစ်ကောင်စီရဲ့ စစ်ကူကားတန်းတွေလည်း ဒီရက်ပိုင်းမှာ ဆက်တိုက်ဖြည့်တင်းနေတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။
လက်ရှိတိုက်ပွဲအခြေအနေတွေကြောင့် ငသိုင်းချောင်းမြို့မရောက်ခင် ရေနံ့သာလမ်းဆုံအနီးက ရွာကြီးဖြစ်တဲ့ သီတာကုန်းပြင်ရွာအပါအဝင် အနီးအနားကျေးရွာတွေ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်သွားပြီလို့လည်း ဒေသခံတချို့က ပြောပါတယ်။
“တိုက်ပွဲကတော့ ရိုးတစ်လျှောက်ကနေ ငသိုင်းချောင်းအစပ်နားထိ ရောက်လာပြီပြောလို့ရတယ်။ အဲဒီနားရွာတွေတော့ ပြေးကြပြီ။ ငသိုင်းချောင်းဘက်ကတော့ သိပ်မရှောင်ကြသေးဘူး။ ဧရာဝတီအစပ်တော့ ရောက်လာပြီပြောလို့ရတယ်” လို့ ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဂွမြို့နဲ့ ငသိုင်းချောင်းကိုဆက်သွယ်ထားတဲ့ ရခိုင်ရိုးမဖြတ်ကျော် ဂွတောင်ကြားလမ်းဟာ ဧရာဝတီတိုင်း၊ ငသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်ကနေ ပုသိမ်-မုံရွာ ကားလမ်းထိ ထိစပ်နေတာကြောင့် ဒေသတွင်း ဗျူဟာမြောက်တဲ့ လမ်းပိုင်းတစ်ခုပါ။
ဒီလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကိုလည်း ဒီလ ၂ ရက်မှာ AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၅ ရက်နေ့မှာ အပြီးသတ်သိမ်းနိုင်ခဲ့ပါတယ်။
ဗေဒါစစ်ဆေးရေးဂိတ်ကျသွားပြီးနောက်မှာ စစ်ကောင်စီတပ်ဟာ အမတ (၃၄၄) အမြှောက်တပ်ရင်းနေရာမှာ ခုခံစစ်ပြင်ဆင်ထားပြီး ဧရာဝတီတိုင်းကနေတစ်ဆင့် စစ်အင်အားတွေ ပို့လွှတ်နေတာပါ။
ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းကို နောက်ထပ်ဝင်ပေါက်တစ်ခုဖြစ်တဲ့ ဂွမြို့တောင်ပိုင်းက ရွှေသောင်ယံကမ်းခြေအနီးမှာလည်း နှစ်ဖက်စစ်ဆိုင်ထားတဲ့ အခြေအနေဖြစ်နေပြီး စစ်ကောင်စီက ရွှေသောင်ယံကမ်းခြေတစ်လျှောက်မှာ စစ်အင်အားဖြည့်တင်းနေတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။
လက်ရှိမှာ AA တပ်တွေဟာ ရွှေသောင်ယံကမ်းခြေနဲ့ မိုင် ၃၀ ခန့်ကွာဝေးတဲ့ ဘောမိကမ်းခြေထိ သိမ်းပိုက်ထားပြီး ဘောမိကမ်းခြေတစ်ဖက်ကမ်းမှာ ခြေကုပ်ယူထားတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း ရွှေသောင်ယံကမ်းခြေတစ်လျှောက်မှာ ခံစစ်အင်အား အများအပြားချထားပြီး ပင်လယ်ပြင်မှာ စစ်သင်္ဘောတွေ၊ ရခိုင်ရိုးမပေါ်မှာ လက်နက်ကြီးအထိုင်စခန်းတွေအပြင် ပုသိမ်-ချောင်းသာ လမ်းပိုင်းတစ်လျှောက်ကနေ ရွှေသောင်ယံကမ်းခြေပတ်လမ်းတစ်လျှောက် တင့်ကားတွေပါ ပို့လွှတ်ထားပြီး စစ်အင်အားအများအပြားချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအတွက် အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ရွှေသောင်ယံကမ်းခြေကို သိမ်းပိုက်မယ်ဆိုပါက တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
“ဘောမိတစ်ဖက်ကမ်းမှာ သူတို့ (AA) ခြေကုပ်ယူပြီးစောင့်နေတယ်။ ဒီဘက် ရွှေသောင်ယံကလူတွေတော့ အကုန် သာပေါင်း၊ ပုသိမ်တို့ဘက် ရှောင်သွားကြပြီ။ အဲဒီမှာဖြစ်ရင်တော့ တော်တော်ကို ပြင်းပြင်းထန်ထန်ဖြစ်နိုင်တယ်။ နှစ်ဖက်လုံးက အင်အားတော်တော်များတယ်” လို့ ၎င်းက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီကို ထိုးစစ်ဆင်နေတဲ့ AA တပ်တွေဟာ ရခိုင်တောင်ဘက်အစွန်အဖျားမြို့ဖြစ်ပြီး ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ သိမ်းပိုက်လိုက်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဂွတောင်ပိုင်းနဲ့ ဂွ-ငသိုင်းချောင်းလမ်းပိုင်းတွေအထိ ဆင်းလာပြီး စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်လာတာကြောင့် ဧရာဝတီတိုင်းဟာ စစ်ရေးအရ ခြိမ်းခြောက်ခံနေရပြီဖြစ်ပါတယ်။
ပုံစာ – ဂွနဲ့ ဆက်စပ်နေတဲ့ သံတွဲမြို့ကို သိမ်းပိုက်ထားတဲ့ AA တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – AA Info Desk

