ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၁၀ (မော်ကွန်း)
လျှပ်စစ်မီး စံချိန်တင်ပြတ်တောက်နေတဲ့ရန်ကုန်မြို့မှာ ဆိုလာနဲ့ဘတ္ထရီ အရောင်းပြပွဲကြီးတစ်ခုကို မီးစက်နှိုးပြီး ဒီကနေ့ စတင်ကျင်းပနေပါတယ်။
ယခုနှစ်ဆန်းကစပြီး ရန်ကုန်မြို့မှာ လေးနာရီမီးပေးပြီးရင် ရှစ်နာရီတစ်ခါ လျှပ်စစ်မီးဖြတ်တောက်ခံနေရတာကြောင့် ရန်ကုန်လူထုဟာ လျှပ်စစ်စွမ်းအင်အတွက် အခြားနည်းလမ်းတွေကို အလုအယက်အစားထိုးသုံးစွဲနေရတာပါ။
လျှပ်စစ်မီးပြန်လည်အားသွင်းဖို့တောင် လုံလောက်တဲ့အချိန်မရရှိတဲ့အထိအခက်အခဲဖြစ်နေကြပြီး အဲဒီ့အတွက် အစားထိုးနည်းလမ်းကုန်စည်တွေအရောင်းပြပွဲမှာတောင် မီးစက်နှိုးပြီး အရောင်းပြပွဲကျင်းပနေရတာပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းဘေးက အင်းယားလိတ်ဟိုတယ်အဝင်လမ်းဘေးမှာရှိတဲ့ Yangon Convention Center (YCC) မှာ ဒီနေ့ကနေ ၁၂ ရက် နေ့လယ် ၂ နာရီအထိ ကျင်းပမယ့် ဒီအရောင်းပြပွဲကို ကုန်အမှတ်တံဆိပ် ၇၀ ကျော် ပါဝင်ပြသနေပြီး လျှပ်စစ်အမှီအခိုကင်းရေးဆိုင်ရာကုန်စည်တွေရဲ့ အားသာချက်တွေကို ပြပွဲလာသူတွေထံ အပြိုင်ရှင်းပြနေကြတာကို တွေ့ရပါတယ်။
ပါဝင်ပြသနေတဲ့ ကုန်တံဆိပ်အများစုက တရုတ်နိုင်ငံထုတ် ပစ္စည်းတွေများတာကိုတွေ့ရပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ နည်းပညာတွေကိုလည်း မိတ်ဆက်နေကြပါတယ်။
ဒီပွဲရဲ့ ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။

ဓါတ်ပုံ-မော်ကွန်း

