ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၉ (မော်ကွန်း)
မန္တလေးတိုင်း မတ္တရာအရှေ့ခြမ်းကျေးရွာတွေမှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီနဲ့ ဒေသတွင်း တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တချို့ကပြောပါတယ်။
မတ္တရာမြို့ အရှေ့ခြမ်းမှာရှိတဲ့ ထန်းပင်ကုန်း၊ ကျောက်တံခါး စတဲ့ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) တပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ ထိုးစစ်ဆင်လာပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ ဒေသခံတချို့လည်း ထိခိုက်မှုရှိတယ်လို့ ၎င်း ဒေသခံက ပြောပါတယ်။
“တိုက်ပွဲအခြေအနေတော့ မသိသေးဘူး။ အဲဒီရွာတွေက စစ်တပ်ထိန်းထားတဲ့ရွာတွေ။ PDF တွေ ဝင်တိုက်တော့ ဒီဘက်ကလည်း မတ္တရာမြို့ ပေါ်ကနေ ဒီမနက် ၅ နာရီ ၆ နာရီလောက်ထဲက လက်နက်ကြီးတွေနဲ့ အရှေ့ဘက်ခြမ်းကို အဆက်မပြတ်ပစ်တယ်။ လေကြောင်းကလည်း နှစ်ကြိမ်သုံးကြိမ်လောက် ဗုံးချသွားတယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ဘုန်းကြီးတစ်ကျောင်းပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံတချို့ ထိခိုက်မှုရှိတယ်လို့ သတင်းတချို့မှာလည်း ဖော်ပြထားပါတယ်။
မန္တလေး PDF တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အခုလဆန်းပိုင်းကလည်း မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းက စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ပြန်လည်ထိုးစစ်ဆင်လာခဲ့ပြီး ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းထဲက ပုသိမ်ကြီး၊ မတ္တရာမြို့နယ်တွေမှာ ဒေသတွင်း ပျူစောထီးလို့ လူသိများတဲ့ ပြည်သူ့စစ်တပ်တွေကိုအသုံးပြုကာ သူတို့လက်လွှတ်လိုက်ရတဲ့ နေရာတွေကို ပြန်လည်ထိုးစစ်ဆင်နေတာပါ။
တော်လှန်ရေးတပ်တွေကလည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်တာတွေ မကြာခဏရှိနေကာ အခုလဆန်းပိုင်းကစပြီး မတ္တရာမြို့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ခြမ်းရွာတွေမှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“စစ်တပ်ကလည်း မတ္တရာပတ်ပတ်လည်ကို ရွာတွေနဲ့ ကာကင်းလုပ်ထားတာပေါ့။ မတ္တရာမြို့လယ်ခေါင်ဘောလုံးကွင်းမှာလည်း လက်နက်ကြီးတွေအထိုင်ချထားတယ်။ မတ္တရာ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ကရွာတွေ တော်တော်များများက PDF တွေများတယ်။ သူတို့ကလည်း ဝိုင်းပတ်ထားပြီးတိုက်နေတဲ့သဘောပဲ” လို့ ၎င်းကပြောပါတယ်။
အခုလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ မန္တလေး PDF တပ်တွေ ထိန်းချုပ်စိုးမိုးရာ မတ္တရာအရှေ့ဘက်ခြမ်းရွာတွေကို စစ်ကြောင်းထိုးလာခဲ့ပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
မန္တလေးတိုင်း မတ္တရာနဲ့ သပိတ်ကျဉ်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့လပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားလာပြီးနောက်မှာ မတ္တရာ-သပိတ်ကျဉ်း ကားလမ်းကိုလည်း ဒေသကာကွယ်ရေးတပ်တွေက အသွားအလာ ကန့်သတ်လိုက်ပါတယ်။
မတ္တရာ-သပိတ်ကျဉ်း-စဉ့်ကူး လမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ တပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး လတ်တလော စစ်ရေးအခြေအနေတွေကြောင့် ဒီလမ်းပိုင်းကို ယာယီကန့်သတ်သွားမယ်လို့ MDY-PDF တပ်ဖွဲ့က ဒီလဆန်းပိုင်းမှာ ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ စစ်ဆင်ရေးဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးကာလအတွင်း TNLA နဲ့ MDY-PDF ပူးပေါင်းတပ်တွေဟာ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျဉ်းမြို့နယ်တွေက စစ်ကောင်စီစခန်းအများအပြားကို သိမ်းယူထားနိုင်ခဲ့တာပါ။
ပုံစာ – မတ္တရာ – စဉ့်ကူးလမ်းပိုင်းမှာ လှုပ်ရှားနေတဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – MDY-PDF

