ပဲခူးရိုးမထဲမှာ လူသားဒိုင်းအသုံးပြုပြီး စစ်ကောင်စီ စစ်ကြောင်းထိုးနေ

ပဲခူးရိုးမထဲမှာ လူသားဒိုင်းအသုံးပြုပြီး စစ်ကောင်စီ စစ်ကြောင်းထိုးနေ

ရန်ကုန်- ၂၀၂၄ နိုဝင်ဘာ ၂၁ (မော်ကွန်း)

ပဲခူးရိုးမထဲကို လနဲ့ချီ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လူသားဒိုင်းအသုံးပြုပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရသလို ပြည်သူတွေပါနေတဲ့အတွက် အဲဒီစစ်ကြောင်းကိုတိုက်ဖို့ ခက်ခဲနေတယ်လို့ ရိုးမအခြေပြု တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTZM GBK PDF က တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ ဒီကောင်တွေက တစ်ရွာကနေ တစ်ရွာကို ကူးမယ်ဆိုရင် အဲဒီရွာက ပြည်သူလေးငါးဦးကို သူတို့ သွားချင်တဲ့ရွာအထိ ဖမ်းခေါ် သွားတယ်။ အဲဒီရွာကိုရောက်ရင် ဖမ်းလာသူတွေကို ပြန်လွှတ်လိုက်တယ်။ ရောက်သွားတဲ့ ရွာကနေ နောက်ထပ်တစ်ရွာကိုထပ်ကူးချင်ရင် အဲဒီကလူတွေကို ထပ်ဖမ်းခေါ်တယ်။ ဒီလို လုပ်နေတာ။ လူသားတံတိုင်းလုပ်ပြီး လှည့်ပတ်စစ်ကြောင်း ထိုးနေတာ” လို့ အထက်ပါတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့လကတည်းက ပဲခူးရိုးမအနောက်ခြမ်း ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်ကို အခြေပြု စစ်ကြောင်းထိုးနေတဲ့ အဲဒီစစ်ကြောင်းကြောင့် ရွာတချို့မီးရှို့ဖျက်ဆီးခံခဲ့ရသလို ရာပေါင်းများစွာသော ဒေသခံတွေလည်း စစ်ဘေးရှောင်ခဲ့ရတာဖြစ်ပါတယ်။

“ စစ်ဘေးရှောင်တွေက တချို့တဝက်က ပြန်လို့မရသေးတဲ့အတွက် တောထဲမှာပဲ အလျဉ်းသင့်သလို လုပ်ကိုင် စားသောက် နေကြရတယ်။ တချို့တဝက်က မြို့ပေါ်တွေဘက် တိမ်းရှောင်ကြသလို တချို့လည်း (စစ်ကြောင်းမရှိတော့တဲ့) ကျေးရွာတွေကို ပြန်ဝင်ကြတာ ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဘော်ဘင်ဆည်အနီးက သင်္ခရိုင်ရွာမှာ အခြေပြု စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီနယ်တကျောက ကျေးရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုးနေပြီး “ ဒီနေ့ အေးရွာလေးနဲ့ ဥယျာဉ်ကြီးရွာမှာပြန်ပြီး စစ်ကြောင်းက အထိုင်ချထားတယ်” လို့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြည့်နေတဲ့ ကြိုပင်ကောက်မြို့နယ်အခြေစိုက် အဲဒီတပ်ဖွဲ့ဝင်တစ်ဦးက ဒီနေ့ပြောပါတယ်။

အဲဒီစစ်ကြောင်းကို ဒီလ ၁၂ ရက်တုန်းက သူတို့ တပ်စွဲထားတဲ့ ဘော်ဘင်ဆည် တမံ(၁) အနီးမှာပဲ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ BTZM GBK PDF က ထုတ်ပြန်ထားပါတယ်။

ဒီကာလအတွင်း နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ရှောင်တွေဟာ ပြန်စရာ အိမ်မရှိတော့တဲ့အတွက် ရောက်ရှိနေရာမှာပဲ ယာယီ အခြေချ နေထိုင်နေကြရသလို ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တဲ့ ထိုစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ BTZM GBK PDF က တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပုံစာ- စစ်ကောင်စီ တပ်စွဲထားတဲ့ ဘော်ဘင်ဆည်အနီးက သင်္ခရိုင်ရွာကို တွေ့ရစဉ်။
ဓါတ်ပုံ- google

အမျိုးအစား - Uncategorized

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."