ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၄ (မော်ကွန်း)
ရှမ်းပြည်နယ်၊ မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ တအာင်းတပ်(TNLA)တွေ ဒီရက်ပိုင်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်ခဲ့ပြီး နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်လာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မနေ့ညနေပိုင်းကတော့ နောင်ချိုမြို့နယ်တရားရုံးနဲ့ ရဲစခန်းအနီးကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ရဲစခန်း အချုပ် ထောင်မှာ TNLA တပ်က ထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် အနီးတစ်ဝိုက်မှာရှိတဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးတာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက နေ့တိုင်းနီးပါး ဖြစ်နေပြီး မြို့ခံ တစ်ဝက်လောက် စစ်ဘေး ရှောင်နေကြရတယ်လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။
“ ဖုန်းလိုင်းမရတော့ မြေပြင်နဲ့က ဆက်သွယ်ရတာ တော်တော်ခက်ခဲနေတယ်။ ပြီးတော့ ဘာမှလည်း လုပ်ကိုင်စားလို့ မရတော့ဘူး။ နေအိမ်တွေလည်း ပျက်စီးသွားလို့ ပြန်မယ်ဆိုရင်တောင် ပြန်လို့မရတဲ့သူတွေလည်း ရှိတယ်။ တိုက်ပွဲနဲ့ ဗုံးကြဲတာလည်း နေ့တိုင်းနီးပါးလိုလို ရှိတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်ရှိရာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ အနီးမှာရှိတဲ့ နောင်ချိုမြို့ကို တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တွေက ဒီနှစ် ဇူလိုင်လပိုင်းက သိမ်းပိုက်ခဲ့တာပါ။
နောင်ချိုမြို့အခြေစိုက် ခြေမြန်တပ်ရင်းတွေနဲ့ ဒုံးတပ်ရင်းတွေအပါအဝင် တပ်စခန်းပေါင်း ၁၄ ခုကို TNLA က တိုက်ခိုက် သိမ်းယူခဲ့ပြီး ‘၁၀၂၇’ ဒုတိယလှိုင်းမှာ ပထမဆုံး သိမ်းပိုက်နိုင်တဲမြို့ ဖြစ်လာခဲ့ပါတယ်။
ပုံစာ – စစ်ကောင်စီရဲ့ Y-12 အမျိုးအစား ဗုံးကြဲလေယာဉ်။
ဓါတ်ပုံ – TNLA သတင်းနဲ့ပြန်ကြားရေး။

