ဂွ – ၂၀၂၄ နိုဝင်ဘာ ၁၃ ( မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်၊ ဆပ်သွားမြို့ဘေးက ဂျိုင်ကောက်ရွာထဲကို ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားတယ်လို ဒေသခံတချို့က ပြောပါတယ်။
” ဒီနေ့ မနက်ပိုင်းက လာကျတာပါ။ ဘုန်းကြီးကျောင်းအနားက အိမ်မှာ တစ်လုံးကျတယ်။ ခဏကြာတော့ ရွာဟောင်းနဲ့ ရွာသစ်ကို ဖြတ်ထိုးထားတဲ့ တံတားပေါ်မှာ နောက်တစ်လုံးထပ်ကျတယ်။ နှစ်ယောက်ကတော့ ပွဲချင်းပြီးပါ။ ဒဏ်ရာရတဲ့ နှစ်ယောက်မှာလည်း ခြေပြတ်သွားတဲ့တစ်ယောက်က သွေးထွက်လွန်ပြီး အခြေအနေ စိုးရိမ်ရပါတယ်” လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူနှစ်ဦးထဲ အမျိုးသမီးငယ်တစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီဂျိုင်ကောက်ရွာအနီးက ဆပ်သွားမြို့မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်နေတာပါ။
ဂျိုင်ကောက်ရွာဟာ ဂွမြို့နဲ့ဆိုရင် မိုင်နှစ်ဆယ်လောက်ကွာတဲ့ဆပ်သွားမြို့အထွက်မှာ ရှိတဲ့ကျေးရွာပါ။
ဒဏ်ရာရရှိသူတွေဟာ စစ်ကောင်စီက ပိတ်ဆို့ထားတဲ့အတွက် ဂွမြို့ဘက်ကို သွားလို့ မရသလို ဆပ်သွားဆေးရုံဟာလည်း တိုက်ပွဲကြောင့် ပိတ်ထားတဲ့အတွက် ဆေးကုသဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။
” ဆေးဝါးကုသမယ့်အပိုင်းတွေ အရမ်းခက်ခဲပါတယ်။ လူနာအခြေအနေတွေက ဆေးရုံဆေးခန်းတွေမှာ အရေးပေါ် ကုသရမယ့် အနေအထားမျိုး။ ဒါပေမဲ့ ဆေးကုစရာနေရာမရှိတော့ နီးစပ်ရာဆေးပေးခန်းကိုပဲ ပြေးရတယ်။ ဘယ်နေ့၊ ဘယ်ရက် ဗုံးစထိမလဲ ဆိုတဲ့ အကြောက်တရားနဲ့ နေထိုင်နေရတဲ့အထဲ တစ်ခုခုဖြစ်ရင် ဆေးကုမယ့်နေရာတွေပါမရှိတော့ ပိုကြောက်ရတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးရှိ ဂွမြိုနယ်ထဲကို ပြီးခဲ့တဲ့လပိုင်းကစလို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ နှစ်ဘက်တိုက်ပွဲတွေဟာ သံတွဲ- ဂွကားလမ်းပေါ်က ဆပ်သွားမြို့အထိ ရောက်ရှိလာနေသလို စစ်ကောင်စီကလည်း AA ရဲ့ ထိုးစစ်ကို ကြည်း၊ရေ၊လေ ပူးပေါင်းခုခံနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ပုံစာ- မြေပုံမှာတွေ့ရတဲ့ ဂျိုင်ကောက်ရွာနှင့် ဂွမြို့။
ဓါတ်ပုံ- MIMU

