ရန်ကုန်- ၂၀၂၄ နိုဝင်ဘာ ၂၁ (မော်ကွန်း)
ရခိုင်ပြည်နယ်က အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရေပိုင်နက်ထဲကိုဝင်လာလို့ ဖမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေ ၁၅ စီးအနက် ခုနစ်စီးကို မနေ့တုန်းက ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
ငါးဖမ်းလှေအကုန်လုံးကို လွှဲပေးမှာဖြစ်ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကိုချင့်ချိန်ပြီး အခုလို အသုတ်ခွဲလွှဲပြောင်းတာလို့ ထုတ်ပြန်ပါတယ်။
ဒီလ ၅ ရက်က အာရက္ခတပ်တော် ရေပိုင်နက်ကိုဝင်လာတဲ့ အဲဒီလှေတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည် ၂၀ ပါဝင်ပေမယ့် ဆင်းရဲကျပ်တည်းသူတွေဖြစ်တဲ့ ထိုလူတွေကို နှစ်ရက်အကြာမှာ ခံဝန်ကတိထိုး ခိုင်းကာ ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
“ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မိမိတို့အဖွဲ့အစည်းအကြားရှိ နှစ်ဖက်နယ်စပ်ရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှ ပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားများကို ချက်ချင်းပြန်လွှတ်ပေးခဲ့သော်လည်း ငါးခိုးဖမ်းလှေများကိုမူ ယနေ့တွင်မှ ပြန်လည်ပေးအပ်နိုင်ခဲ့သည်” လို့ AA က ထုတ်ပြန်ပါတယ်။
လှေတွေပြန်ပေးဖို့ ကြန့်ကြာခဲ့ရတာက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကို ဘေးကင်းအောင် စောင့်ရတာမို့လို့ဖြစ်ပြီး ကျန်တဲ့ လှေတွေကိုလည်း ပြန်ပေးမယ်လို့ AA က ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နတ်မြစ်ကြောင်းရေပြင်နယ်နမိတ်ထိစပ်နေတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို ရဖို့ AA က လပေါင်း များစွာ ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကတော့ အဲဒီမြို့က တစ်ခုတည်းသော လက်ကျန်စခန်း နခခ(၅) ကနေ ထိုးစစ်ကို ခုခံနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။
ပုံစာ- AA တပ်ဖွဲ့ဝင်တချို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတချို့ကို တွေ့ရစဉ်။
ဓါတ်ပုံ- AA Info Desk

